နေပြည်တော် စက်တင်ဘာ ၂၅
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၀ တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးတင်မျိုးဇော်၏ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မြေနုကျေးရွာအုပ်စု မြေနုကျေးရွာသည် ရေလယ်ကျွန်းတွင် နေထိုင်ရသည့်အတွက် ရေဘေးဒုက္ခများရှောင်ရှားရန် ယခင်သတ်မှတ်ပေးထားသော ကုန်းမြေနေရာသို့ လူနေအိမ်များပြောင်းရွှေ့၍ အတည်တကျနေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ဒေသခံတောင်သူများက စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော လယ်ယာမြေများအား ကျေးရွာမြေအဖြစ် အသုံးပြုလိုပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာလျော်ကြေး၊ နစ်နာကြေးများကို ပေးချေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မူလမြေယာလုပ်ပိုင်ခွင့်ရရှိထားသူများနှင့် ညှိနှိုင်းပြီး မူလမြေယာလုပ်ပိုင်ခွင့် ရရှိထားသူများ၏ သဘောတူညီခွင့်ပြုချက်ရရှိလာပါက မြေယာလျော်ကြေး၊ နစ်နာကြေးများပေးချေပြီး အဆိုပါပေးချေမှုပြီးစီးပါက ရွာမြေအဖြစ်အသုံးပြုခွင့် ရရှိနိုင်ရေးအတွက် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရေးကို ဆက်လက်လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ထိုသို့ ကျေးရွာမြေအဖြစ် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိပြီးပါက ကျေးရွာမြေအဖြစ် အသုံးပြုခွင့်ရရှိနိုင်ရေးအတွက် ကျေးရွာနယ်နိမိတ်ပြင်ဆင်ဆောင်ရွက်နိုင်ရေးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၅၄နှင့်အညီ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံသို့ ထောက်ခံတင်ပြ၍ လမ်းညွှန်မှုခံယူကာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
မြေနုကျေးရွာနေပြည်သူများအနေဖြင့် ၎င်းတို့နေထိုင်ရာရွာမြေမှ အခြားမြေနေရာတစ်ခုသို့ ကျေးရွာပြောင်းရွှေ့လိုသည့်အပြင် ကျေးရွာပြောင်းရွှေ့ခွင့် ရရှိသည့်အခါတွင်လည်း ၎င်းတို့လုပ်ကိုင်စားသောက်နေသည့် မြေနုကျွန်းလုပ်စားမြေဧရိယာ ဧက ၄၁၀ ခန့်ကိုလည်း ပြန်လည်လုပ်ကိုင်စားသောက်ခွင့်များ ရရှိလိုပါကြောင်း၊ ၎င်းတို့၏ဆန္ဒသဘောထားများကို တင်ပြထားရှိသော်လည်း မြေနုကျွန်းမြေစိုက်ပျိုးလုပ်ကိုင်မှုနှင့်စပ်လျဉ်း၍“၂ဝ၁၂ခုနှစ် လယ်ယာမြေ နည်းဥပဒေအခန်း (၁၂)ပါ မြေနုကျွန်း မြေလုပ်ပိုင်ခွင့်ချထားခြင်း” ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးသိန်းဇော်၏ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ)တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းလုံခြုံစွာဖြင့် ခေတ်မီနည်းပညာများကို စာတွေ့၊ လက်တွေ့ သင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) တွင် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဝင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန်လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဖြစ်သည့် Green House လေးလုံးပြုပြင်ပေးရန်၊ ICT ခန်းမ အမိုးပြုပြင်ပေးရန်၊ အမျိုးသမီးဆောင်ရေချိုးကန်၊ အမျိုးသားဆောင်သန့်စင်ခန်း လေးခန်းတွဲတစ်လုံးပြုပြင်ရန်နှင့် ကျောင်းသားများ ထမင်းချက်ဆောင် အမိုးပြုပြင်ပေးရန် စသည့်တည်ဆောက်ရေးလုပ်ငန်း ငါးမျိုးအတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သာမန်အသုံးစရိတ်မှ ငွေကျပ် ၄၉ ဒသမ ၄၀၄ သန်း ရန်ပုံငွေကျခံ၍ ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ထို့ပြင် ကျောင်းအတွက် ထပ်မံလိုအပ်သည့် စုရုံးခန်းမတစ်လုံး၊ နည်းပြဆောင် ရှစ်ခန်းတွဲ နှစ်ထပ်တစ်လုံး၊ ကျောင်းအဝင်လမ်းကွန်ကရစ်ခင်းခြင်းနှင့် ကျောင်းခြံစည်းရိုး ပေ ၁၈၀၀ ဆက်လက်ကာရံခြင်း စသည့်တည်ဆောက်ရေးလုပ်ငန်းလေးမျိုး ဆောင်ရွက်နိုင်ရန် ငွေကျပ် ၄၁၂၄ ဒသမ ၈ သန်းအား သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေလျာထားတင်ပြတောင်းခံခြင်းဆောင်ရွက်ပြီး ခွင့်ပြုရန်ပုံငွေရရှိပါက အဆိုပါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ)အား စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီဂရီကောလိပ်အဆင့်သို့ တိုးမြှင့်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လိုအပ်သည့်ဆောက်လုပ်ရေးလုပ်ငန်း ခုနစ်ခုအတွက် ရန်ပုံငွေထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၅) ဦးအောင်သီဟ၏ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ မြေယာလုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို ကာကွယ်ရေး၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ စနစ်တကျဝင်ရောက်နိုင်ရေး၊ တောင်သူများ၏ ဝင်ငွေတည်ငြိမ်တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ၂ဝ၂ဝ ပြည့်နှစ် Contract Farming လုပ်ထုံးလုပ်နည်းများကို အခြေခံ၍ Contract Farming ဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းခြင်းနှင့် Agricultural Public Private Partnership စီမံကိန်းများကို ချိတ်ဆက်ဖော်ဆောင်ခြင်း၊ စိုက်ပျိုးရေး ဒေတာစနစ်တည်ဆောက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်သို့သော မူဝါဒ၊ ဥပဒေ၊ စီမံချက်နှင့် လက်တွေ့အကောင်အထည်ဖော်မည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပုဒ်မ ၂၉ (ခ) အရ ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို အမိန့်ကြော်ငြာစာအမှတ် (၁၆/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ခြင်းအပေါ် အခြေခံ၍ ဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များက အနီးကပ်ကြီးကြပ်ပြီး အစုအဖွဲ့ သုံးဖွဲ့နှင့် အဓိကဆောင်ရွက်လျက်ရှိပါကြောင်း။
အဆိုပါအစီအစဉ်သည် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ထုတ်လုပ်သူနှင့် ဝယ်ယူသူအကြား ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထုတ်လုပ်သူက မိမိပိုင်သည့် လယ်ယာမြေတွင် သီးနှံများစိုက်ပျိုးထုတ်လုပ်ပြီး ရယူခဲ့သည့်သွင်းအားစုတန်ဖိုး (ချေးငွေ)နှင့်ညီမျှသည့် သီးနှံကို ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့သို့ ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ငွေကျပ် ဘီလီယံ ၂၃၀ သုံးစွဲပြီး နွေစပါး၊ မိုးစပါးသီးနှံများတွင်လည်းကောင်း၊ ငွေကျပ် ၅၆ ဒသမ ၃၁ ဘီလီယံဖြင့် ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) သီးနှံများတွင်လည်းကောင်း၊ ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone -REZ) စီမံကိန်းအား ငွေကျပ် ၈၆ ဒသမ ၀၅၀ ဘီလီယံဖြင့်လည်းကောင်း အရင်းမပျောက် မတည်ငွေပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
အမိန့်ကြော်ငြာစာအမှတ် (၁၆/ ၂၀၂၀) ပါ Contract Farming လုပ်ထုံးလုပ်နည်းများနှင့် လက်တွေ့အကောင်အထည်ဖော်မှု အတွေ့အကြုံများအရ ပိုမိုခိုင်မာသည့် စနစ်တစ်ရပ်ဖော်ဆောင်ရာတွင် သီးနှံအာမခံဈေးနှုန်းသတ်မှတ်မှု၊ သီးနှံအာမခံစနစ်ကျင့်သုံးမှု၊ ဒီဂျစ်တယ်စိုက်ပျိုးရေးဒေတာစနစ်နှင့် Traceability ဖော်ဆောင်ခြင်းလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်မှုကိုလည်း တွေ့ရှိရပါကြောင်း။
စိုက်ပျိုးရေးဒေတာစနစ် တည်ဆောက်ခြင်းနှင့်စပ်လျဉ်းပြီး အမျိုးသားအဆင့် လမ်းပြမြေပုံဖြစ်သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy-ADS) (၂၀၂၆- ၂၀၃၀) ကို စီမံအုပ်ချုပ်မှုကောင်းမွန်စေရေး၊ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းမွန်စေရေး စသည့်အဓိကမဏ္ဍိုင် (၃) ရပ်အပေါ် အခြေပြုပြီး ထပ်ဆင့်ရလဒ် ၂၅ ခုနှင့် ချက်ချင်းရလဒ် ၂၂၆ ခုကို အကောင်အထည်ဖော်ရန် လျာထားရေးဆွဲထားရှိပါကြောင်း။
သို့ပါ၍ အကျိုးတူလယ်ယာစနစ် (Contract Farming) နှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် မသင့်သေးသော်လည်း လက်ရှိထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများသည် သီးနှံများအားလုံးအတွက် ခြုံငုံရေးဆွဲထားသော SOPs များသာ ဖြစ်နေသောကြောင့် လိုအပ်ပါက ဆောင်ရွက်မည့်လုပ်ငန်းအပေါ်မူတည်၍ သီးနှံအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ ရေးဆွဲထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ တောင်သူတစ်ဦးချင်း ကန်ထရိုက် စာချုပ်ချုပ်ဆိုခြင်းထက် တောင်သူသမဝါယမအသင်းများ၊ တောင်သူအစုအဖွဲ့များဖြင့် ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တောင်သူအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးရဲရင့်စိုးညွန့်၏ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် ဥက္ကံမြို့ရှိ ခရုချောင်းရိုးတူးဖော်ခြင်းနှင့် ခရုချောင်းရေတံခါးအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ခရုချောင်းရိုးပေါ်တွင် တည်ဆောက်ထားသော ခရုချောင်းရေတံခါးမှာလည်း နှစ်ကာလကြာမြင့်ပြီဖြစ်သဖြင့် ရေတံခါးဂီယာဘောက်နှင့် ရေတံခါးရွက်များ ယိုယွင်းပျက်စီးနေသောကြောင့် ပြုပြင်ပေးရမည်ဖြစ်ပါကြောင်း။
သို့ပါ၍ ခရုချောင်းရိုးတူးဖော်ခြင်းနှင့် ခရုချောင်းရေတံခါးပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လျာထားတင်ပြခဲ့ရာ ယခု ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ခွဲဝေရရှိခဲ့ပြီး ရက် (၁၀၀) စီမံချက်ကာလတွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးရဲရင့်စိုးညွန့်၏ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စုရှိ မွေးနီရိုးချောင်းအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မွေးနီရိုးချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် လျာထားတင်ပြခဲ့ရာ ယခု ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေခွဲဝေရရှိပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လှပဒါးကျေးရွာအုပ်စုနှင့် ပေါက်ကုန်းကျေးရွာအုပ်စုများမှ လယ်ယာမြေများမှာ မိုးစပါးစိုက်ပျိုးထားလျက်ရှိသောကြောင့် စက်ယန္တရားများသွားလာရန် အခက်အခဲရှိပါသဖြင့် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် မွေးနီရိုးချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးရဲရင့်စိုးညွန့်၏ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ် သမီးကလေးကျေးရွာအနီးရှိ လဂွမ်းပြင်ရေလှောင်တမံမှ လဂွမ်းပြင်ရေသန့်စက်ရုံသို့ ရေသွယ်ယူရာတွင် ပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့်အစီအစဉ် ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က လဂွမ်းပြင်ရေလှောင်တမံမှ လဂွမ်းပြင်ရေသန့်စက်ရုံသို့ ရေပို့ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက ရေလှောင်တမံမှ တူးမြောင်းမကြီးတစ်လျှောက်၊ ထိုမှတစ်ဆင့် ရဲမွန်တပ်မြို့နှင့် ဇရပ်ကွင်းစက်မှုဇုန်တို့ကို ဖြတ်သန်းကာ အမှတ် (၁) လမ်းမကြီးတစ်လျှောက်၊ ထိုမှတစ်ဆင့် အမှတ် (၂) လမ်းမကြီးတစ်လျှောက် သွယ်တန်းရန်အတွက် လမ်းကြောင်းလျာထားပြီး မူလရေဂါလန် သန်း ၄၀၊ ထပ်တိုးရေဂါလန် သန်း ၄၀၊ နေ့စဉ်စုစုပေါင်း ရေဂါလန်သန်း ၈၀ ရယူနိုင်မည်ဖြစ်ပါကြောင်း၊ အချင်းလက်မ ၈၀ ရှိ ပိုက်လိုင်းအား အလျား ၂၆ မိုင်ခန့် သွယ်တန်းရမည်ဖြစ်ကာ ကုန်ကျစရိတ်များပြားသဖြင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ရန်ပုံငွေပူးပေါင်းကူညီမှုများ ရယူ၍သော်လည်းကောင်း၊ ODA Loan ချေးငွေရယူ၍သော်လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေတွင် တင်ပြတောင်းခံ၍ နှစ်ရှည်စီမံကိန်းအဖြစ်သော်လည်းကောင်း လုပ်ငန်းအဆင့်အလိုက် ပိုင်းခြားသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လျာထားလျက်ရှိပါကြောင်း။
သို့ပါ၍ လဂွမ်းပြင်ရေလှောင်တမံမှ ရေကို လဂွမ်းပြင်ရေသန့်စင်စက်ရုံသို့ ပိုက်လိုင်းဖြင့် ရေသွယ်ရယူနိုင်ရန် ရှေးဦးစွာ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းကို လေ့လာဆန်းစစ်၍ အင်ဂျင်နီယာဒီဇိုင်းပုံစံများနှင့် စီမံကိန်းကုန်ကျစရိတ်တွက်ချက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မြေပြင်လုပ်ငန်းများဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ရေရှည်စီမံကိန်း (Long Term Plan) များ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေပေးဝေရေးဆိုင်ရာ စီမံကိန်းကြီးများ၏ သဘောသဘာဝသည် ကနဦး ရင်းနှီးမြှုပ်နှံမှု (Initial investment) ပမာဏများသည့်အပြင် စီမံကိန်းဆောင်ရွက်ပြီးစီးပါကလည်း စီမံကိန်းလည်ပတ်ရန်နှင့် ရေရှည်တည်တံ့စေရေးအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရန် နှစ်စဉ်ဘဏ္ဍာငွေများစွာ အသုံးပြုနေရပါသဖြင့် ပြည်သူလူထုအနေဖြင့် ရေကိုစနစ်တကျချွေတာ၍ တန်ဖိုးထားသုံးစွဲကြရန်လိုအပ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေ၏ မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ ထွက်ခွာသည့်အခါ အာမခံထားသူပြည်သူများ၏ ရပိုင်ခွင့်များမဆုံးရှုံးစေရန် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/ နည်းဥပဒေပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးကျော်ကျော်လတ်က အာမခံကာကွယ်ရေး ရန်ပုံငွေစနစ် (Insurance Guarantee Fund) သည် စီးပွားရေးတည်ငြိမ်ရန်နှင့် အာမခံကဏ္ဍဖွံ့ဖြိုးရန်အတွက် မရှိမဖြစ်လိုအပ်သည့် ဘေးကင်းလုံခြုံရေးကွန်ရက်ကြီး ဖြစ်ပါသော်လည်း ကုမ္ပဏီများကို ထိန်းချုပ်နိုင်ရန်အတွက် အာမခံကြီးကြပ်ရေးအဖွဲ့ (Regulator) က တင်းကျပ်သည့် စည်းမျဉ်းများ၊ ထိရောက်သည့် ကြီးကြပ်မှုများနှင့် တွဲဖက်ကိုင်တွယ်မှသာ အာမခံစနစ်သည် ရေရှည်အောင်မြင်မည်ဖြစ်ပါကြောင်း။
ယခုအဆို၏အခြေခံရာဖြစ်သော CHUBB Life Insurance ၏ ဖြစ်စဉ်သည် မြန်မာ့အသက်အာမခံသမိုင်းတွင် ထင်ရှားသောဖြစ်စဉ်ကြီးဖြစ်၍ ဖွံ့ဖြိုးစ မြန်မာ့အာမခံလုပ်ငန်းနယ်ပယ်ကို ကြီးမားစွာသက်ရောက်မှုဖြစ်စေခဲ့ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့ခြင်းသည် နိုင်ငံတော်နှင့်ပြည်သူများအတွက် လွန်စွာအကျိုးရှိသော အာမခံလုပ်ငန်းနယ်ပယ်ကို ပြင်းထန်စွာရိုက်ခတ်စေခဲ့ပါကြောင်း၊ အာမခံအကာအကွယ်ရယူသူ ပြည်သူလူထုက ယုံကြည်ထိုက်သောအကြောင်းအရာ၊ အစီအမံများကို အာမခံဥပဒေများ၊ နည်းဥပဒေများထဲတွင် ထည့်သွင်းပြဋ္ဌာန်းရန်လိုလားလျက်ရှိပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါ်ကျင်သိန်းက အာမခံလုပ်ငန်းသည် နိုင်ငံတော်၏စီးပွားရေးနှင့် ပုဂ္ဂလိကစီးပွားရေးအတွက် မရှိမဖြစ်လိုအပ်သည့် အရေးပါသောလုပ်ငန်းဖြစ်ပါကြောင်း၊ အာမခံလုပ်ငန်းသည် လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လိုအပ်လာမည့် အာမခံအကာအကွယ်အမျိုးမျိုးကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အာမခံစနစ်အပေါ် ပြည်သူများယုံကြည်စေမည်ဖြစ်ပါကြောင်း၊ ပြည်သူများကို အာမခံလုပ်ငန်းနှင့်ဆက်စပ်ပတ်သက်သည့် ဗဟုသုတများကို ဖြန့်ဝေပေးနိုင်ပါက အထူးကောင်းမွန်မည်ဖြစ်ပါကြောင်း။
နိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ထွက်ခွာသွားခြင်းများဖြစ်ပေါ်လာသည့်အခါ အာမခံထားသူပြည်သူများ၏ ရပိုင်ခွင့်များ နစ်နာမှုမရှိစေရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာနများမှ အာမခံကာကွယ်ရေးရန်ပုံငွေ အဖွဲ့အစည်းတစ်ခုကို နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန်လိုအပ်ပါကြောင်း၊ အာမခံကုမ္ပဏီတစ်ခုရပ်ဆိုင်းခြင်း၊ ထွက်ခွာခြင်းရှိပါက မြန်မာ့အာမခံလုပ်ငန်း (သို့မဟုတ်) အခြားကုမ္ပဏီတစ်ခုသို့ ပေါ်လစီများ လွှဲပြောင်းပေးနိုင်သည့်စနစ်ကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ နစ်နာသူပြည်သူများအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန်၊ ပြည်သူများသိရှိအောင် သတင်းထုတ်ပြန်ပေးရန်၊ ပြည်သူ့ရပိုင်ခွင့်မဆုံးရှုံးစေရန်တို့ကို ကြီးကြပ်ခြင်းနှင့် ပွင့်လင်းမြင်သာမှုစနစ်များ၊ ပြည်ထောင်စုအစိုးရအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးစေလိုပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဒေါ်မာလာဆန်းက အာမခံကုမ္ပဏီတစ်ခု ဈေးကွက်မှထွက်ခွာသည့်အခါ အာမခံထားရှိသူများ၏ အကျိုးစီးပွားကို အပြည့်အဝကာကွယ်နိုင်ရန် လျော်ကြေးပေးဆောင်မှုနှင့် ပေါ်လစီလွှဲပြောင်းမှုများကို စနစ်တကျဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မရှင်းလင်းမှု သို့မဟုတ် နှောင့်နှေးမှုများဖြစ်ပေါ်ပါက အာမခံဈေးကွက်တစ်ခုလုံး၏ ယုံကြည်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးတည်ငြိမ်မှုတို့အပေါ် အပျက်သဘော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ပိတ်သိမ်းခြင်း၊ ထွက်ခွာခြင်းမရှိသေးသော ကုမ္ပဏီများလည်းရှိနေသောကြောင့် အလားတူအဖြစ်မျိုးများဖြစ်ပေါ်လာပါက ပြည်သူများနစ်နာဆုံးရှုံးမှုမဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ပေးနိုင်ရန် တာဝန်ရှိပါကြောင်း၊ ထို့ပြင် အာမခံကုမ္ပဏီ တစ်ခုရပ်ဆိုင်းသွားလျှင် (သို့မဟုတ်) ထွက်ခွာသွားလျှင် အများပြည်သူများသိရှိစေရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးရန်နှင့် ပြည်သူများရပိုင်ခွင့်များ မဆုံးရှုံးစေရန်တို့ကို စနစ်တကျကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရန် အရေးကြီးပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများနှင့် အာမခံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံသားတို့၏ရပိုင်ခွင့် အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် ရုတ်တရက်ထွက်ခွာသွားသည့်အခါ လွှဲပြောင်းမှုကာကွယ်ရေးစနစ်များ ခိုင်မာစေရန် ခိုင်မာသောဥပဒေများ ပြင်ဆင်ရေးဆွဲထားရန် လိုအပ်နေပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးမြင့်ဦးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က အမေရိကန်အခြေစိုက် နိုင်ငံတကာအာမခံကုမ္ပဏီဖြစ်သည့် CHUBB (ချပ်) အာမခံကုမ္ပဏီသည် မြန်မာနိုင်ငံမှ လုပ်ငန်းပိတ်သိမ်းပြီး ရုတ်တရက်ထွက်ခွာသွားခဲ့ပါကြောင်း၊ အလားတူဖြစ်ရပ်ကဲ့သို့ ထပ်မံပေါ်ပေါက်လာပါက အာမခံပြည်သူများ ဆုံးရှုံးမှုမဖြစ်ပွားစေရန် အာမခံ ကာကွယ်ရေးရန်ပုံငွေကို ဥပဒေကြောင်းအရ မဖြစ်မနေတည်ထောင်ရန်လိုအပ်ပါကြောင်း၊ ထိုရန်ပုံငွေရှိမှသာ ကုမ္ပဏီတစ်ခုခု ရုတ်တရက်ပိတ်သိမ်းပါက ပြည်သူများဆုံးရှုံးမှုမရှိဘဲ လျော်ကြေးနှင့် ပြန်အမ်းငွေများကို ချက်ချင်းထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကုမ္ပဏီတစ်ခုပိတ်သိမ်းလိုက်သည်နှင့် တစ်ပြိုင်တည်း ပေါ်လစီနှင့် တာဝန်ယူမှုအားလုံးကို မြန်မာ့အာမခံလုပ်ငန်း သို့မဟုတ် အခြားခိုင်မာသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုခုထံသို့ ဥပဒေအရ အလိုအလျောက် စနစ်တကျလွှဲပြောင်းပေးအပ်ပြီး ပြည်သူလူထု၏ အာမခံအကာအကွယ် မပြတ်တောက်သွားအောင် လုပ်ဆောင်ပေးသည့်စနစ် (Portfolio Transfer Protocol) ကို ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ညွှန်ကြားချက် သို့မဟုတ် နည်းဥပဒေအရ မဖြစ်မနေပြဋ္ဌာန်းရမည်ဟု ထင်မြင်မိပါကြောင်း။
အာမခံစနစ်ဆိုသည်မှာ ပြည်သူများ၏ယုံကြည်မှုနှင့် လည်ပတ်ရသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့အာမခံလုပ်ငန်းဥပဒေ (၁၉၉၃)တွင် နိုင်ငံတော်ပိုင်အာမခံလုပ်ငန်း၏ တာဝန်ယူမှုများကို နိုင်ငံတော်က အာမခံထားသကဲ့သို့ ပုဂ္ဂလိကနှင့် နိုင်ငံခြားအာမခံကုမ္ပဏီများကိုလည်း ပြည်သူများ စိတ်အေးချမ်းသာစွာ အာမခံထားရှိနိုင်ရန်အတွက် အာမခံကာကွယ်ရေးရန်ပုံငွေ (Guarantee Fund)ကို စနစ်တကျထူထောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း အဆိုအား ထောက်ခံဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ(၇) ဦးပြုံးချိုက မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ ထွက်ခွာသွားသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များမဆုံးရှုံးစေရန်၊ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ အာမခံလုပ်ကိုင်ခွင့်နည်းဥပဒေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားလွှာ ၂/ ၂၀၁၇ တို့ဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း။
အဆိုရှင်တင်သွင်းသည့် အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ ထွက်ခွာသည့်အခါ အာမခံထားသော ပြည်သူများ၏ ရပိုင်ခွင့်များမဆုံးရှုံးစေရန် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/ နည်းဥပဒေများ ပါဝင်ထားပြီးဖြစ်ပါကြောင်း၊ အာမခံကာကွယ်ရေးရန်ပုံငွေအတွက် အသစ်ထပ်မံရေးဆွဲရန် မလိုအပ်ပါသောကြောင့် အဆိုအား မှတ်တမ်းတင်ထားပေးရန်သာဖြစ်ပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၈) ဦးကျော်ဇင်ထွန်းက အာမခံကုမ္ပဏီတစ်ခုခုသည် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် ပေးဆောင်ရန်တာဝန်ရှိသည့် အာမခံလျော်ကြေးများကို မပေးနိုင်သည့် အခြေအနေဖြစ်ပေါ်လာပါက အာမခံထားရှိသူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည့်စနစ်သည် လက်ရှိတွင် အားနည်းနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာအတွေ့အကြုံများကို လေ့လာ၍ အာမခံထားရှိသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် အာမခံထားရှိသူများ ကာကွယ်ရေးရန်ပုံငွေ (Insurance Policyholders Protection Fund) ကို ဥပဒေနှင့်အညီ ထူထောင်နိုင်ရေး ဆောင်ရွက်သင့်ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အာမခံထားရှိသူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန် Insurance Policyholders Protection Fund တည်ထောင်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲဆောင်ရွက်ရန်၊ ရန်ပုံငွေထည့်ဝင်မှု၊ စီမံခန့်ခွဲမှု၊ လျော်ကြေးပေးချေမှုနှင့် ကြီးကြပ်မှုစနစ်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲအကောင်အထည်ဖော်ရန်နှင့် အာမခံကုမ္ပဏီများ၏ ဘဏ္ဍာရေးတည်ငြိမ်မှုနှင့် အာမခံထားရှိသူများ၏ အခွင့်အရေးများကို ပိုမိုကာကွယ်နိုင်ရေးအတွက် လိုအပ်သော ဥပဒေပြင်ဆင်မှုများကိုလည်း ဆောင်ရွက်စေလိုပါကြောင်းနှင့် ယခုအဆိုသည် အာမခံကုမ္ပဏီများနှင့် အာမခံထားရှိသူပြည်သူများအတွက် အကျိုးရှိသောအဆိုဖြစ်ပါသောကြောင့် လွှတ်တော်မှ အတည်ပြုပေးစေလိုပါကြောင်း ဆွေးနွေးသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို စတုတ္ထနေ့အစည်းအဝေး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ကို စက်တင်ဘာ ၂၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


