နေပြည်တော် စက်တင်ဘာ ၂၅
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လေယာဉ်ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးရေးနှင့် လေယာဉ်လက်မှတ် မှောင်ခိုဈေးကွက်ထိန်းချုပ်ပေးရေး၊ လယ်ယာသုံးအတွက် စက်သုံးဆီဝယ်ယူရရှိရေး၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးနိုင်ရေး၊ ရပ်ကွက်အဆင့် တိုးမြှင့်ပေးနိုင်ရေး၊ ကျေးရွာအမည် သတ်မှတ်ပေးရေး၊ ဌာနဆိုင်ရာမြေအဖြစ် အသုံးပြုနိုင်ရေး၊ ယာဉ်ရပ်နားစခန်း တည်ဆောက်ပေးရေး၊ မြို့ရှောင်လမ်းဆောင်ရွက်ပေးနိုင်ရေး၊ လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် တံတားတည်ဆောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်းသည့် မေးခွန်း ၁၄ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ မန္တလေး-မြစ်ကြီးနား သွား/ ပြန် လေယာဉ်ခရီးစဉ်များ တိုးချဲ့ပေးရန်နှင့် လေယာဉ်ခ မှောင်ခိုဈေးကွက်အား ထိန်းချုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မီးရထား၊ ရေကြောင်း၊ လေကြောင်းခရီးစဉ်များတွင် ပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဈေးနှုန်းသက်သာစေရန်နှင့် လုံခြုံစိတ်ချမှုရှိစေရန် စဉ်ဆက်မပြတ် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအချိန်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ လေကြောင်းလိုင်း ငါးလိုင်းက တစ်ရက်လျှင် နှစ်ကြိမ်နှုန်းဖြင့် ပျံသန်းပေးလျက်ရှိရာ ခရီးသွားလာမှုပိုမိုအဆင်ပြေစေရန် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လေကြောင်းလိုင်းတစ်လိုင်းက တစ်ကြိမ်ဖြင့်လည်းကောင်း၊ အပတ်စဉ်သောကြာနေ့တိုင်း မြန်မာအမျိုးသားလေကြောင်းက တစ်ကြိမ်ဖြင့်လည်းကောင်း ထပ်မံတိုးမြှင့်ပျံသန်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း။
လေယာဉ်ဆီဈေးနှုန်း တဖြည်းဖြည်းလျော့ကျလာသဖြင့် လေယာဉ်လက်မှတ်ခများကို ခရီးသွားပြည်သူများအား သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် လေယာဉ်ဆီဈေးနှုန်း အတက်အကျအပေါ်မူတည်၍ မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကို အချိန်နှင့်တစ်ပြေးညီ လေကြောင်းလိုင်းများမှလည်း ပြောင်းလဲပြင်ဆင်သတ်မှတ်ရောင်းချပေးလျက်ရှိပါကြောင်း။
မြစ်ကြီးနားလေယာဉ်လက်မှတ်များ မှောင်ခိုဈေးကွက်ပပျောက်စေရန် လေယာဉ်လက်မှတ်များအား အရောင်းကိုယ်စားလှယ် (Agent) များမှတစ်ဆင့် ရောင်းချစေခြင်းမပြုဘဲ လေကြောင်းလိုင်းနှင့် ၎င်း၏ ရုံးခွဲများကိုယ်တိုင်သော်လည်းကောင်း၊ Online မှသော်လည်းကောင်း ရောင်းချခြင်းကို မြန်မာအမျိုးသားလေကြောင်းနှင့် အဲသံလွင်လေကြောင်းတို့က ၂၀၂၆ ခုနှစ် ဇူလိုင်လမှစတင်၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်းနှင့် မန်းရတနာပုံလေကြောင်းတို့က ၂၀၂၆ ခုနှစ် ဩဂုတ်လမှစတင်၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
လေယာဉ်လက်မှတ်ခများအား သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချသူများအား အရေးယူဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဘိုကလေးမဲဆန္ဒနယ်မှ ဦးစန်းမောင်၏ တောင်သူများအတွက် လယ်ယာလုပ်ငန်းသုံး စက်သုံးဆီများကို ဆီဆိုင်များမှ ဆီဝယ်စာအုပ်များဖြင့် ဝယ်ယူရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးရှိ စိုက်ဧက ငါးသိန်းကျော်အတွက် လိုအပ်သော ထွန်ရက်ဆီအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီဂါလန် ၆၆၀၀၀ ကျော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့်ညှိနှိုင်း၍ ဖြန့်ဖြူးထားရှိပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်တွင်းထုတ် ဓာတ်ဆီ RON-68 နှင့် RON-72 တို့ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မြစ်တွင်းသွားစက်လှေများနှင့် လယ်ယာသုံးစက်ပစ္စည်းများတွင် သုံးစွဲနိုင်ရေး တိုင်းဒေသကြီးအတွင်းရှိ အရောင်းဆိုင်များမှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ တောင်သူများအား လယ်ယာလုပ်ငန်းသုံး လိုအပ်သောစက်သုံးဆီများ ဝယ်ယူရာတွင် ဆီဆိုင်များမှ နေ့အလိုက် ဖော်ပြပါဈေးနှုန်းဖြင့် ဝယ်ယူခွင့်ကို ဆီစာအုပ်များ အသုံးပြုဝယ်ယူရောင်းချမှုလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးသော်လည်း လိုအပ်သည့် စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးနှင့် ပြည်တွင်းထုတ် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို စိုက်ပျိုးရေးလုပ်ငန်းများအတွက် အထူးသက်သာသော ဈေးနှုန်းဖြင့်ရရှိနိုင်ရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ချောင်းဦးမဲဆန္ဒနယ်မှ ဦးထွန်းလွင်၏ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အမှုထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက မုံရွာခရိုင် ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယခင်က ချောင်းဦးမြို့ အစွန်ရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာနှင့် ၎င်းတို့နေအိမ်များရှိသော ရပ်ကွက်နှင့်ကျေးရွာများတွင် နေထိုင်လျက်ရှိရာမှ လတ်တလောဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ခြိမ်းခြောက်ခံရခြင်းများရှိသည့်အတွက် နေထိုင်ရန်အခက်အခဲများရှိပါသဖြင့် မိသားစုဝင်များအား အခြားမြို့များရှိ နီးစပ်ရာဆွေမျိုးများ နေအိမ်သို့ ပို့ဆောင်နေထိုင်လျက်ရှိပြီး ဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နေထိုင်မှုအဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း။
သို့ဖြစ်ပါ၍ အမှုထမ်းအိမ်ရာ လေးခန်းတွဲ နှစ်ထပ်ဆောက်လုပ်ပေးမှုနှင့်စပ်လျဉ်း၍ ချောင်းဦးမြို့ မြို့မရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ ပေ (၃၅ x ၉၀) မြေကွက်လပ်တွင် အမှုထမ်းဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ချမ်းမြသာစည်မဲဆန္ဒနယ်မှ ဦးကိုကိုဦး၏ ချမ်းမြသာစည်မြို့နယ် တန်ဖိုးနည်းအိမ်ရာအတွင်း ရပ်ကွက်ကြီး ၁၅ ရပ်ကွက်အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ချမ်းမြသာစည်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင်အတွင်း တည်ရှိပြီး ဧရိယာ ၉ ဒသမ ၉၇ စတုရန်းမိုင်ကျယ်ဝန်းကာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း ပါဝင်ပါကြောင်း၊ ချမ်းမြသာစည်မြို့နယ်သည် ၁၄ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပါကြောင်း။
တန်ဖိုးနည်းအိမ်ရာ တိုက်များတည်ရှိသည့် အောင်သာယာရပ်ကွက်တွင် အိမ်ထောင်စု ၄၂၈၁ စု၊ လူဦးရေ ၁၈၉၃၁ ဦးနှင့် မြရည်နန္ဒာရပ်ကွက်တွင် အိမ်ထောင်စု ၄၈၁၄ စု၊ လူဦးရေ ၁၉၇၃၄ ဦး အသီးသီးရှိကြပြီး ရပ်ကွက်နှစ်ခု၏ အိမ်ထောင်စု စုစုပေါင်း ၉၀၉၅ စုနှင့် လူဦးရေစုစုပေါင်းမှာ ၃၈၆၆၅ ဦးရှိပါကြောင်း၊ အောင်သာယာရပ်ကွက်ရှိ တန်ဖိုးနည်းအိမ်ရာ တိုက် ၇၆ လုံးတွင် အိမ်ထောင်စု ၁၉၈၅ စု၊ လူဦးရေ ၆၁၂၇ ဦးနှင့် မြရည်နန္ဒာရပ်ကွက်ရှိ တန်ဖိုးနည်းအိမ်ရာ တိုက် ၁၂၀ တွင် အိမ်ထောင်စု ၂၇၉၁ စု၊ လူဦးရေ ၉၈၂၄ ဦးရှိကြသဖြင့် စုစုပေါင်းတန်ဖိုးနည်းအိမ်ရာတိုက် ၁၉၆ လုံးတွင် နေထိုင်ကြသော အိမ်ထောင်စု ၄၇၇၆ စု၊ လူဦးရေ ၁၅၉၅၁ ဦးတို့ရှိပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင် “သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်”ဟု ပြဋ္ဌာန်းထားရှိရာ ရပ်ကွက်ပြင်ဆင်တိုးချဲ့ရန် လိုအပ်ပါက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ချမ်းမြသာစည်မြို့နယ်သည် ရပ်ကွက် ၁၄ ရပ်ကွက်ဖြင့် ဖွဲ့စည်းထားပြီး အုပ်ချုပ်မှုဆိုင်ရာ ကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားလုပ်ငန်းများအား အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ရပ်ကွက်အသစ်တစ်ခု ထပ်မံတိုးချဲ့ဖွဲ့စည်းရန်မလိုအပ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ပြည်မဲဆန္ဒနယ်မှ ဦးမျိုး (ခ) ဦးမျိုးအောင်၏ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်မီးသတ်စခန်း၌ ဝန်ထမ်းလိုင်းခန်းအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်း၌ ၂၀၁၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် (၆၅ x ၅၂ x ၂၆) ပေ RC နှစ်ထပ် မီးသတ်စခန်းအဆောက်အအုံတစ်လုံး၊ ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် (၄၈ x ၂၂) ပေ အုတ်ညှပ် နှစ်ခန်းတွဲ တစ်ထပ်ဝန်ထမ်းလိုင်းခန်းတစ်လုံး၊ ၂၀၂၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည့် (၃၇ x ၁၂) ပေ သွပ်မိုး၊ အုတ်ကြွပ်ကာယာယီလိုင်းခန်းတစ်လုံးနှင့် ၂၀၂၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် (၅၁ x ၁၂)ပေ ထရံကာ၊ သွပ်မိုးယာယီလိုင်းခန်းတစ်လုံးတို့တွင် အိမ်ထောင်သည် တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် လူပျိုတပ်ဖွဲ့ဝင် ၁၈ ဦးတို့ နေထိုင်လျက်ရှိပါကြောင်း၊ ကျန်အိမ်ထောင်သည် တပ်ဖွဲ့ဝင်လေးဦးသည် စခန်းပြင်ပရှိ မိသားစုနေအိမ်များတွင် နေထိုင်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များနေထိုင်ရေး အဆင်ပြေရန်အတွက် ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်းအတွင်း၌ မြေနေရာအကျယ်အဝန်း အခက်အခဲရှိသဖြင့် ၁၉၆၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် (၄၈x၂၂) ပေ အုတ်ညှပ်နှစ်ခန်းတွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံတစ်လုံးအား ဖျက်သိမ်း၍ (၁၀၀ x ၄၀ x ၃၂) ပေ လေးခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ အဆောက်အအုံဆောက်လုပ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားတင်ပြနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
စလင်းမဲဆန္ဒနယ်မှ ဦးဇော်နိုင်၏ စလင်းမြို့နယ် တောစိမ့်ကျေးရွာအုပ်စု တောစိမ့်အနောက်ဘက် ဦးပိုင်ရှိ ယာမြေပေါ်တွင် ကျေးရွာအမည်မရှိသောရွာအား “ချမ်းငြိမ်းအေးသာယာ”ရွာအဖြစ် အမည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ချမ်းငြိမ်းအေးသာယာကျေးရွာ မြေနေရာသည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် တောစိမ့်ကျေးရွာအုပ်စု ကွင်းအမှတ် ၅၇၇၊ တောစိမ့်ကွင်း၊ ယာမြေဧရိယာ ၂၄ ဒသမ ၀၈ ဧကခန့်ရှိပြီး အိမ်ခြေ/ အိမ်ထောင်စု ၁၅၆ စု၊ လူဦးရေ စုစုပေါင်း ၁၁၂၆ ဦး ရှိပြီး ကျေးရွာသူ/ ကျေးရွာသားများသည် ၂၀၀၈ ခုနှစ်မှစတင်၍ အခြေချနေထိုင်ခဲ့သည်မှာ ယခုအချိန်ထိဖြစ်ပါကြောင်း။
ချမ်းငြိမ်းအေးသာယာကျေးရွာအား ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသော ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေးနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကျေးရွာအုပ်စု/ ကျေးရွာများအား တိုးချဲ့/ ပယ်ဖျက်/ အမည်ပြောင်း ပြင်ဆင်ဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည့်အချက်အလက်များ ပြည့်စုံမှုမရှိသေးသော်လည်း ချမ်းငြိမ်းအေးသာယာကျေးရွာအား ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ပခုက္ကူမဲဆန္ဒနယ်မှ ဦးလှဝင်းဦး၏ ပခုက္ကူမြို့ ကျွဲတဲကျေးရွာအုပ်စု ဦးပိုင်အမှတ် (၃ဝ-ခ) ရှိ မြေဧရိယာ ၆၄ ဒသမ ၂၂ ဧကအား မြေလိုအပ်ချက်ရှိနေသည့် ဌာနဆိုင်ရာများ အသုံးပြုနိုင်ရေးအတွက် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပခုက္ကူမြို့နယ် ကျွဲတဲကျေးရွာအုပ်စု ကွင်းအကွက်အမှတ်နှင့် အမည် (၃၁၅-က၊ ကျွဲတဲအနောက်ကွင်း)၊ ဦးပိုင်အမှတ် (၃၀-ခ)၊ မြေဧရိယာ ၆၄ဒသမ၂၂ ဧကရှိ မြေနေရာသည် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ယခင်ကုန်းလမ်းပို့ဆောင်ရေးပိုင်ဖြစ်ပြီး အဆိုပါဌာနအား ၁-၄-၂၀၂၄ ရက်နေ့တွင် ဖျက်သိမ်းခဲ့သဖြင့် အဆိုပါမြေအား နိုင်ငံတော်ပိုင်မြေအဖြစ်အပ်နှံရန် ညွှန်ကြားခဲ့သောကြောင့် နိုင်ငံတော်ပိုင်မြေ (State Land) သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။
နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ထားသည့် ပခုက္ကူမြို့နယ် ကျွဲတဲကျေးရွာအုပ်စုရှိ မြေဧရိယာ ၆၄ ဒသမ ၂၂ ဧကအား အသုံးပြုလိုသည့် ဝန်ကြီးဌာနများအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့်အညီ နိုင်ငံတော်သမ္မတထံ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်း၏ ရန်ကုန်မြို့ပြအတွင်း BOT စနစ်ဖြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်း၊ လမ်းဘေးဈေးသည်များအား နေရာချထားပေးခြင်းနှင့်စပ်လျဉ်း၍ မည်သို့ဖြေရှင်းပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အောင်မင်္ဂလာနှင့် ဒဂုံ- ဧရာအဝေးပြေးယာဉ်ရပ်နားစခန်း နှစ်ခု၊ အလုံ/ ဗိုလ်တထောင်/ အနောက်ပိုင်း ကုန်သေတ္တာတင် ယာဉ်ရပ်နားစခန်း သုံးခုနှင့် တောင်ဥက္ကလာပမြို့နယ် ၁၁ နှင့် ၁၂ ရပ်ကွက်၊ ရတနာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ မော်တော်ယာဉ် ၂၈၂ စီး ရပ်နားနိုင်သော အထပ်လေးထပ်ရှိ အရှေ့ပိုင်းယာဉ်ငယ်ရပ်နားစခန်း နှစ်ခု၊ စုစုပေါင်း ခုနစ်ခု ဆောင်ရွက်ထားရှိပြီး ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစ၍ လမ်းဘေးဈေးသည်များနှင့်စပ်လျဉ်း၍ စည်းကမ်းထိန်းကြပ်မတ်ခြင်း၊ မြို့နယ်အလိုက်၊ လမ်းအလိုက်စာရင်းများပြုစုထားရှိခြင်း၊ မြေနေရာအကျယ်အဝန်း၊ ရောင်းချမှုအခြေအနေပေါ်မူတည်၍ နေရာချထားပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒလ၊ လှိုင်သာယာ (အနောက်ပိုင်း)၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ လှိုင်၊ မြောက်ဥက္ကလာပ စသည့်မြို့နယ်များအတွင်းရှိ ပျံကျဈေးသည် ၂၁၇၁ ဦးအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဈေး ၁၅ ခုအတွင်း စနစ်တကျရောင်းချနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ပြင် လမ်းမတော်မြို့နယ် ၁၉ လမ်း စံပြညဈေးတန်းကို ဘေးကင်းလုံခြုံ၍ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်မှုရှိသည့် အစားအသောက်များကို စနစ်တကျရောင်းချစေရေးအတွက် အဆင့်မီစံပြညဈေးတန်းအဖြစ် စီမံချက်ချမှတ်၍ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း။
သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး မော်တော်ယာဉ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်အသုံးပြုနိုင်ရန် လမ်းညွှန်များ၊ Road Signs ၊ Road Marking များ၊ Traffic Signal များကို အသစ်တပ်ဆင်ခြင်းနှင့် ယာဉ်သွားလာမှုများအဆင်ပြေစေရန် လမ်းပုံသဏ္ဌာန်နှင့် ဖွဲ့စည်းပုံဒီဇိုင်းပြောင်းလဲပြင်ဆင်ဆောင်ရွက်ပေးခြင်း၊ ယာဉ်သွားလာမှုများ အဆင်ပြေစေရန် ယာဉ်သွားလမ်းများတိုးချဲ့ခြင်း၊ ယာဉ်ရပ်နားရန် ကားပါကင်နေရာများ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ယာဉ်သွားလမ်းကြောင်းများ ပြောင်းလဲသတ်မှတ်ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီတို့က ယာဉ်ရပ်နားစခန်းနှင့် ယာဉ်ရပ်ဝန်းများ ၁၈ နေရာ ဆောင်ရွက်ပေးပြီးဖြစ်ပါသောကြောင့် BOT စနစ်ဖြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ရန်မလိုအပ်ပါကြောင်းနှင့် လမ်းဘေးဈေးသည်များ၏ ဈေးရောင်းချမှုကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့်နိုင်၏ နောင်ချိုမြို့ရှောင်လမ်း စီမံကိန်းနှင့်ပတ်သက်၍ မည်သို့လျာထားစီမံထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က နောင်ချိုမြို့ရှောင်လမ်းစီမံကိန်း လမ်းအပိုင်းသည် B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသောလမ်းဖြစ်သည့် မန္တလေး-လားရှိုး- မူဆယ်လမ်း၏ မိုင်တိုင် ၄၉/ ၄ မှ ၃၀၂/ ၀ အထိ ၂၅၂ မိုင် ၄ ဖာလုံအရှည်ရှိသော လမ်းနှင့်ဆက်စပ်နေသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ နောင်ချိုမြို့တွင်းနှင့် ဂုတ်တွင်းလမ်းအပိုင်းတို့တွင် မကြာခဏဖြစ်ပေါ်လေ့ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား လျှော့ချနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူလျင်မြန်စေရေးတို့အတွက် ၂၀၁၃ ခုနှစ်ခန့်မှစ၍ နောင်ချိုမြို့ရှောင်လမ်းအတွက် လမ်းအူကြောင်းရှာဖွေခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြေသားလမ်း တစ်ကြောင်းထိုးဖောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖောက်လုပ်ပြီးစီးခဲ့ပြီး ၎င်းလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားသစ်တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နေဆဲကာလတွင် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး နောင်ချိုမြို့ရှောင်လမ်းစီမံကိန်းအား ဂုတ်ထိပ်တံတားအသစ် တည်ဆောက်ချိန်တွင် တစ်ပါတည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် လတ်တလော ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
မာန်အောင်မဲဆန္ဒနယ်မှ ဦးကျော်သန်း၏ မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ရွာမှ မျှော်တော်ဦးအထိ လမ်းအား ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာနှစ်တွင် မြှင့်တင်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ရွာမှ မျှော်တော်ဦးအထိလမ်းသည် သစ်ဝ-မျှော်တော်ဦး-သစ်ပုံလမ်းဖြစ်ပြီး မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ ဇရပ်ကုန်းခင်ကျေးရွာမှစတင်၍ သစ်ပုံကျေးရွာသို့ ဆက်သွယ်ထားသော လမ်းအရှည် ၅ မိုင် ၅ ဖာလုံရှိသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၅ မိုင်ဖြစ်ပြီး စုစုပေါင်း အရှည် ၅ မိုင် ၅ ဖာလုံဖြစ်ပါကြောင်း၊ အဆိုပါလမ်းနှင့်စပ်လျဉ်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ပျက်စီးမှုများနေသော လမ်းအပိုင်း ၁ မိုင် ၂ ဖာလုံအား ဗြုန်းကျောက်စရစ်ခင်း၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ကျောက်ခင်းလမ်း ၅ မိုင်အနက် မှ ၄ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန် လျာထားသွားမည်ဖြစ်ပြီး ကျန်ရှိသောလမ်းပိုင်းများကို ကွန်ကရစ်လမ်းအဖြစ် နှစ်အလိုက် ဆက်လက်လျာထားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဇီးကုန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းထွန်း၏ ဇီးကုန်းမြို့နယ်နှင့် ကျေးရွာချင်းဆက်လမ်းဖြစ်သော ဇီးကုန်း-သင်ကန်-ရွှေဖလားလမ်း၊ ရွှေကြို့ပင်မှ ရွှေဖလားကျေးရွာထိ ကွန်ကရစ်လမ်းအား မည်သည့်အချိန်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဇီးကုန်းမြို့နယ်နှင့် ကျေးရွာချင်းဆက်လမ်းဖြစ်သော ဇီးကုန်း-သင်ကန်-ရွှေဖလားလမ်း၊ ရွှေကြို့ပင်မှ ရွှေဖလားကျေးရွာထိလမ်းသည် ရန်ကုန်-ပြည်လမ်းပေါ်ရှိ ဇီးကုန်းမြို့ မော်ရရွာမှစတင်ပြီး သင်ကန်ရွာ၊ ရွှေဖလားရွာတို့မှတစ်ဆင့် ခရိုင်ချင်းဆက် လမ်းအမှတ် (၁) ကို ချိတ်ဆက်ထားသော လမ်းအရှည် ၁၂ မိုင်ရှိသည့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၁ မိုင် ၅ ဖာလုံ၊ ကျောက်လမ်း ၅ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၁ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၃ မိုင်ဖြစ်ပြီး စုစုပေါင်း ၁၂ မိုင်ဖြစ်ပါကြောင်း။
၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်း၏ မူလကျောက်လမ်းပိုင်းမှ ပျက်စီးမှုဖြစ်ပေါ်နေသော လမ်းအရှည် ၂ ဖာလုံအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူလရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပြီး ဖြည့်စွက်ရန်ပုံငွေတွင်လည်း လမ်းအရှည် ၂ ဖာလုံအား ဆက်လက်လျာထားသွားမည်ဖြစ်ကာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကိုလည်း နှစ်အလိုက် ရန်ပုံငွေလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျုံပျော်မဲဆန္ဒနယ်မှ ဦးဇော်မင်း၏ ကျုံပျော်မြို့နယ် အောင်လံစုလမ်းဆုံမှ ကျုံတနီးရွာအထိ လမ်းပိုင်းအား ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကျုံပျော်မြို့နယ် အောင်လံစုလမ်းဆုံမှ ကျုံတနီးရွာအထိ လမ်းပိုင်းသည် အရှည် ၂၄ မိုင် ၂ ဖာလုံရှိ ဓနုဖြူ-သောင်ကြီးလမ်း၏ ကျုံပျော်မြို့နယ်အပိုင်း မိုင်တိုင် ၁၄/ ၀ (ကျုံတနီးရွာ)မှ မိုင်တိုင် ၂၄/ ၂ (အောင်လံစုလမ်းဆုံ)အထိ ၁၀ မိုင် ၂ ဖာလုံ အပိုင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိလမ်းအခြေအနေမှာ ကတ္တရာလမ်းဖြစ်ပြီး လမ်းအရှည် ၁၀ မိုင် ၂ ဖာလုံတွင် ကောင်းမွန်သော အပိုင်း ၂ မိုင်၊ အသင့်အတင့်ကောင်းမွန်သော အပိုင်း ၃ မိုင်နှင့် ပျက်စီးမှုများပြားသောအပိုင်း ၅ မိုင် ၂ ဖာလုံဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးရန်ပုံငွေဖြင့် ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် လမ်းပိုင်းအတွင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၁ ဒသမ ၅ ဖာလုံ၊ ကတ္တရာလမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း ၃ ဖာလုံ စုစုပေါင်း ၄ဒသမ၅ ဖာလုံအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းတွင် အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရန် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး (ဖြည့်စွက်) ရန်ပုံငွေတွင် ကတ္တရာလမ်း အနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း ၃ ဖာလုံအရှည်အား ထပ်မံလျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
အုတ်ဖိုမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ အုတ်ဖိုနှင့် မိုးညိုမြို့နယ်များ ဆက်သွယ်ထားသည့် မြစ်မခမြစ်ကူးတံတား (တက်ဆွဲ)အား မည်သည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်တို့အား ဆက်သွယ်မည့် မြစ်မခမြစ်ကူးတံတား (တက်ဆွဲ) တည်ဆောက်ရန် လျာထားသည့်နေရာသည် အုတ်ဖိုဘက်ကမ်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော အရှည် ၇ မိုင် ၄ ဖာလုံရှိ အုတ်ဖို-ကျက်ဆူတော တက်ဆွဲလမ်းတာပေါင်အဆုံးနှင့် မိုးညိုဘက်ကမ်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပိုင် မြစ်မခမြစ်၏ အနောက်ဘက် ကမ်းပတ်တာထိပ်ကြားတွင် တည်ရှိပါကြောင်း။
မြစ်မခမြစ်သည် နွေရာသီရေနည်းချိန်တွင် ကမ်းပါးနှစ်ဖက်အကျယ် ပေ ၂၀၀ ခန့်သာရှိပြီး မိုးရာသီကာလအတွင်း မြစ်မခမြစ်၏ အနောက်ဘက် ကမ်းပတ်တာထိပ်အထိ ပေ ၂၁၀၀ ခန့် ရေပြင်ကျယ်အဖြစ် မြစ်ရေစီးဆင်းလျက်ရှိပါကြောင်း၊ တံတားတည်ဆောက်မည်ဆိုပါက မြစ်မခမြစ်၏ရေစီးရေလာကို မထိခိုက်စေရန်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ မြစ်ရေကို ကာကွယ်ရန်တည်ဆောက်ထားသော ကမ်းပတ်တာကို ထိခိုက်မှုမရှိစေရေး အရှည် ပေ ၂၆၀၀ ခန့်ရှိ တံတားကြီးအဖြစ် တည်ဆောက်ရန်လိုအပ်မည်ဖြစ်ပြီး တံတားအရှည် ပေ ၂၆၀၀ ခန့်ရှိသည့် မြစ်မခမြစ်ကူးတံတား (တက်ဆွဲ) သည် မြစ်ကူးတံတားကြီးအဆင့် တည်ဆောက်ရမည်ဖြစ်ပါသဖြင့် လတ်တလောတည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
ဦးမြင့်ကို၊ တနိုင်းမဲဆန္ဒနယ်၏ တနိုင်းမြို့နယ် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းမပေါ်ရှိ ကောင်းရာကျေးရွာမှ ဂျာဘူတောင်အထိ ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းသည် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိပြီး ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသောလမ်းပိုင်းဖြစ်၍ မိုင်တိုင် (၆၀/ ၁ မှ ၁၀၃/ ၁) အထိ လမ်းအရှည် ၄၃ မိုင်ရှိပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၁၆ မိုင် ၁ ဖာလုံနှင့် အမာခံလမ်း ၂၆ မိုင် ၇ ဖာလုံဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းမှာ နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း (တနိုင်းမြို့နယ်)၏ စုစုပေါင်း လမ်းမိုင် ၄၃ မိုင် အတွင်းရှိ ဂျာဘူတောင် မိုင်တိုင် ၆၀/ ၁ မှ တနိုင်းမြို့ မိုင်တိုင် ၈၇/ ၁ အထိ ၂၇ မိုင် လမ်းပိုင်းဖြစ်ပြီး ကွန်ကရစ်လမ်း ၁၁ မိုင် ၅ ဖာလုံ၊ အမာခံလမ်း ၁၅ မိုင် ၃ ဖာလုံဖြစ်ပြီး အမာခံလမ်း ၁၅ မိုင် ၃ ဖာလုံအနက်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုင်တိုင် (၇၄/ ၂ မှ ၇၅/ ၄) အတွင်း ၆ ဖာလုံအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျန်ရှိသော ၁၄ မိုင် ၅ ဖာလုံအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ရန်ပုံငွေထည့်သွင်း လျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဆဋ္ဌမနေ့ကို စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


