နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၅

ဘဝနတ်ထံ စံလွန်တော်မူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်ဦးစီးပဓာန  နာယက နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင် နိကာယ ရတ္တညူမဟာနာယက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓ သာသနာပြု သက်တော်(၉၉)နှစ် သိက္ခာတော်(၇၉)ဝါရှိ ချမ်းမြေ့ ဆရာတော်ကြီး ဘဒ္ဒန္တဇနကာ ဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ ကျင်းပသည်။

အဆိုပါ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဘဒ္ဒန္တ ဉာဏိဿရ၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဒုတိယ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ရွှေဘိုဆရာတော် ဘဒ္ဒန္တ စန္ဒဝံသာ လင်္ကာရာဘိဝံသတို့ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ချမ်းမြေ့ ဆရာတော်ကြီး၏ ပြည်တွင်း၊ ပြည်ပမှ တပည့်သာဝက ဒါယကာ ဒါယိကာမများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဧည့်ပရိသတ်များ စည်ကားများပြားစွာ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနား တက်ရောက်လာကြသူများက ချမ်းမြေ့ဆရာတော်ကြီး ၏ ဥတုဇရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး “ကြိုးစားကြပါစို့”ဟူသော  ချမ်းမြေ့အဓိဋ္ဌာန်နှင့် မေတ္တာပို့လင်္ကာတို့ကို စုပေါင်းသံပြိုင်ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေဘိုဆရာတော်ကြီးထံမှ နိုင်ငံတော် သမ္မတနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြ ပြီး ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးတို့အား ရှိခိုးခြင်းဖြင့် စုပေါင်း ပူဇော်ကန်တော့ကြသည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်ကြီးများက “သဗ္ဗေ သင်္ခါရာ အနိစ္စာတိ” အစချီသော သံဝေဂ သုံးဂါထာကို ရွတ်ဆိုပွားများတော် မူကြသည်။

ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ချမ်းမြေ့ရိပ်သာ ကျောင်းဝေယျာဝစ္စအဖွဲ့ဥက္ကဋ္ဌနှင့် ဥပါသကာများက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက သီတဂူဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ် ဝတ္ထုပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကို ချမ်းမြေ့သာစည် ဆရာတော် အရှင်အဂ္ဂဉာဏက ဖတ်ကြားပူဇော်ပြီး မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ကျောင်း နာယကဆရာတော် အရှင်ဝဏ္ဏိတာ လင်္ကာရာဘိဝံသ က ကိုယ်တိုင်ရေးသားပူဇော်အပ်သည့် မဟာထေရ ဂုဏပူဇာ သံဝေဇနိယ ဂါထာကို ဖတ်ကြားပူဇော်သည်။

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ သံဝေဂဉာဏ် ပွားများတော်မူ ကြောင်းသဝဏ်လွှာကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဒွိပိဋကဓရ ဝိနယပါဠိပါရဂူ ပိဋကတ္တယပါရဂူ ဘဒ္ဒန္တ သိရီ ကဉ္စနာဘိဝံသက လည်းကောင်း၊ ရွှေကျင်ဂိုဏ်းဗဟိုဌာန၏ သံဝေဂ ဉာဏ် ပွားများတော်မူကြောင်း သဝဏ်လွှာကို ရွှေကျင်ဂိုဏ်း အကျိုးတော်ဆောင်ချုပ် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရက လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ဆက်ကပ်တော်မူသည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း၊ ပြည်တွင်း ပြည်ပ ချမ်းမြေ့ရိပ်သာများအဖွဲ့က ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ချမ်းမြေ့ဝေယျာဝစ္စ အဖွဲ့ဥက္ကဋ္ဌက လည်းကောင်း ဖတ်ကြားပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများသည် သီတဂူဆရာတော်ကြီးထံမှ ဓမ္မ သံဝေဂကထာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ချမ်းမြေ့ရိပ်သာများ၏ ပဓာန နာယကဆရာတော်  ဥူးသော ဘိတာ ဘိဝံသ ဦးဆောင်၍ တပည့် ဒါယကာ ဒါယိကာမများက အပြစ်ရှိက ခွင့်လွှတ်တော်မူရန် ချမ်းမြေ့ဆရာတော်ကြီးအား နောက်ဆုံး တောင်းပန်ကန်တော့ကြသည်။

ဆက်လက်၍ ပြင်ဦးလွင် ချမ်းမြေ့ရိပ်သာဆရာတော် အရှင် ပညာနန္ဒာ ဘိဝံသက ဆရာတော် ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ ကြွချီတော်မူပါရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တပည့်ဒါယကာများ က ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြပြီး လောင်တိုက်တော်တည်ရှိရာ သုဝဏ္ဏဘုမ္မိကွင်းသို့ ဆက်လက် ပင့်ဆောင်ကြသည်။

ယင်းနောက် ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူပါမည့်အကြောင်း အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား လောင်တိုက်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်၍ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကြကာ သံဃာတော် အရှင်သူမြတ်များ ဦးဆောင်၍ အနိစ္စာဝတ သင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆို ပွားများပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြသည်။

ချမ်းမြေ့ဆရာတော်ကြီးသည် ငယ်ရွယ်စဉ်ကတည်းကပင် ဆရာတော်၊ သံဃာတော်ကြီးများ ထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့သဖြင့် “ပရိယတ္တိသာသနဟိတ ဓမ္မာစရိယ ဘွဲ့၊ သာသနာဓဇသိရီပဝရ ဓမ္မာ စရိယဘွဲ့”တို့ကို ရရှိတော်မူခဲ့ပြီး မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် တောင်တွင်းကြီးမြို့ တောရဗိမာန် စာသင်တိုက်တို့၌ စာသင်သား ရဟန်း၊ သာမဏေများကို ပရိယတ္တိ စာပေကျမ်းဂန်များ သင်ကြားပို့ချ ပေးတော်မူခဲ့ခြင်း၊ ဆဋ္ဌသံဃာယနာ တင်ပွဲကြီး၌ ပါဠိပဋိသောဓကအဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက် တည်ထောင်၍ တရားဟောတရားပြ ကမ္မဋ္ဌာနာစရိယတာဝန်များ ဆောင်ရွက်တော်မူခဲ့ခြင်း၊ မြန်မာဘာသာကျမ်းစာ ၃၄ အုပ် နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ ၁၀ အုပ်စသော စာပေကျမ်းဂန်များ ရေးသား ပြုစုတော်မူခဲ့ခြင်း၊ ရန်ကုန်မြို့ ချမ်းမြေ့ရိပ်သာကျောင်း တိုက်နှင့် ရိပ်သာခွဲများအဖြစ် ဟင်္သာတမြို့၊ ပြင်ဦးလွင်မြို့၊ မှော်ဘီမြို့၊ အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ လယ်ဝေးမြို့၊ တမူးမြို့တို့၌ တည်ထောင်ဖွင့်လှစ်တော်မူခဲ့ခြင်း၊ ပြည်ပနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လည်းကောင်း၊ တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့၌ လည်းကောင်း၊ အမေရိကန်နိုင်ငံ စပရင်းဖီးမြို့၌ လည်းကောင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်း ရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ သာသနာ ပြုတော်မူခဲ့ခြင်း၊ နိုင်ငံပေါင်းများစွာသို့ သာသနာပြုခရီး အကြိမ်(၇၀) ကျော် ကြွရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်၊ ကိန်းဘရစ်ချ် တက္ကသိုလ်၊ အမေရိကန်နိုင်ငံ အီလီနွိုက် တက္ကသိုလ်၊ ဟာဝိုင်ရီတက္ကသိုလ်၊ ဗန်ကူးမားတက္ကသိုလ်၊ အိုဘာလင် တက္ကသိုလ် စသော ပြည်ပနိုင်ငံ တက္ကသိုလ်များ၌ ကမ္မဋ္ဌာန်းတရားများ ဟောကြားပြသတော်မူခဲ့ခြင်းနှင့် ၂၀၁၉ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော် ဩဝါဒါစရိယဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့သည်။

ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတ ဓရဂုဏ်၊ ကမ္မဋ္ဌာနနယဒေသက ဂုဏ်၊ ဝိပဿနာဓုရာဝဟဂုဏ်၊ ပဋိပတ္တိဝိသာရဒဂုဏ်၊ ခမာ ဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့ နှင့် ပြည့်စုံတော်မူခြင်းတို့ ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၅ ခုနှစ် တွင် “အဂ္ဂမဟာကမ္မဋ္ဌာနစရိယ” ဘွဲ့တံဆိပ်တော်နှင့် ၂၀၀၉ ခုနှစ် တွင် “အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက” ဘွဲ့တံဆိပ်တော် တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ “သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ” ဆိုသည့် မေတ္တာပို့ ဆုတောင်းစကားသည် ချမ်းမြေ့ဆရာတော်ကြီး၏ ထင်ရှားသည့် လက်သုံးမေတ္တာပို့ ဩဝါဒကထာဖြစ်ပြီး ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၉၉) နှစ် သိက္ခာတော် (၇၉) ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန် တော်မူခဲ့ခြင်းဖြစ်ကာ ယနေ့တွင် အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာ သဘင်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် နိုင်ငံတော်အဆင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ချမ်းမြေ့ ရိပ်သာကျောင်းတိုက် ဦးစီး ပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယ ရတ္တညူ မဟာနာယက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ကမ္မ ဋ္ဌာနာစရိယ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ ဆရာတော်ကြီး ဘဒ္ဒန္တဇနကာ ဘိဝံသ၏ သရီရ ဓာတုပဝါဟန ပူဇာ ဓာတ်ပြာတော်များ ရေမျှော ပူဇော်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်တွင် ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ကမ်း၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်