စက်တင်ဘာ ၂၅
ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့ဖြိုခွင်းခဲ့သော အွန်လိုင်းလိမ်လည်မှုအဖွဲ့တစ်ဖွဲ့သည် သားကောင်များကို ပစ်မှတ်ထားရန် AI ကို အသုံးပြုခဲ့သည်ဟုယူဆကြောင်း ပြောကြားခဲ့သည်။
အဆိုပါရဲတပ်ဖွဲ့သည် ပြီးခဲ့သည့်သီတင်းပတ်က ဘန်ကောက်ရှိ စံအိမ်ကြီးတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ ဂျပန်နိုင်ငံသား လေးဦးအပါအဝင် လူ ၁၄ ဦး၊ ဂျပန်ရဲယူနီဖောင်းအတုများနှင့် ဂျပန်ဘာသာဖြင့် ညွှန်ကြားချက်များအပြင် ကွန်ပျူတာများကိုပါ ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထိုကွန်ပျူတာများတွင် မျက်နှာအသွင်အပြင်ကို ပြောင်းလဲစေသော AI ပရိုဂရမ်များကို တွေ့ရှိခဲ့ကြောင်းနှင့် သံသယရှိသူများသည် ဗီဒီယိုခေါ်ဆိုမှုများတွင် ရဲအရာရှိများအဖြစ် အယောင်ဆောင်ရန် ၎င်းပရိုဂရမ်များကို အသုံးပြုခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ယူဆကြသည်။
ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူများစွာ ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး ဂျပန်အာဏာပိုင်များနှင့်အတူ အမှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


