ကန်ဘာရာ စက်တင်ဘာ ၂၄
ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က OpenAI ၏ AI အေးဂျင့်တစ်ခုသည် ဆေးဘက်ဆိုင်ရာ စာရင်းအင်းအချက်အလက်များ ဖော်ပြထားသည့် ဩစတြေးလျအစိုးရဝက်ဘ်ဆိုက်တစ်ခုသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့မှုနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။
အဆိုပါဖြစ်စဉ်သည် ဇွန် ၁၈ ရက်တွင် ဖြစ်ပွားခဲ့ပြီး OpenAI ၏ AI အေးဂျင့်က ဩစတြေးလျအစိုးရ၏ Medicare စာရင်းအင်းအစီရင်ခံရေးဝန်ဆောင်မှုဝက်ဘ်ဆိုက်သို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ဘာနီးစ်က နယူးယောက်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါဝက်ဘ်ဆိုက်သည် ဩစတြေးလျ၏ Medicare စနစ်နှင့် သက်ဆိုင်သည့် ဆေးဘက်ဆိုင်ရာ စာရင်းအင်းများနှင့် အသုံးစရိတ်ဆိုင်ရာအချက်အလက်များကို အများပြည်သူကြည့်ရှုနိုင်ရန် ဖော်ပြထားသည့် ဝက်ဘ်ဆိုက်ဖြစ်သည်။ OpenAI ၏ AI အေးဂျင့်သည် ဩစတြေးလျနိုင်ငံနှင့်ပတ်သက်သည့်အချက်အလက်များကို ရှာဖွေလေ့လာနေစဉ် အများပြည်သူကြည့်ရှုနိုင်သည့် ဖိုင်များအပြင် အများပြည်သူကြည့်ရှုခွင့်မရှိသည့် ဖိုင်အချို့ကိုပါ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
OpenAI သည် ယင်းဖြစ်စဉ်ကို ဩဂုတ်လတွင်သိရှိခဲ့ပြီး ဩစတြေးလျအစိုးရကို စက်တင်ဘာ ၁၀ ရက်တွင် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့် ဇွန် ၁၈ ရက်မှ အစိုးရထံအကြောင်းကြားသည့် အချိန်အထိ သုံးလနီးပါးကြာမြင့်ခဲ့သည်။
အင်န်အိတ်ချ်ကေ


