မန္တလေး စက်တင်ဘာ ၂၄
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှကြီးမှူး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း (၇၇)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးမြို့ အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushalနှင့် ကောင်စစ်ဝန်ချုပ်ရုံး တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနားဖွင့်လှစ်၍ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Ms. Gao Ping က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုစကားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အေးချမ်းသာယာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်တောင်းစကား တို့ကို ပြောကြားခဲ့ကြောင်းနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန် ချုပ်က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်


