ဝါရှင်တန် စက်တင်ဘာ ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ် တာခိုင်ချီဆာနေးတို့က ယမန်နေ့တွင် တွေ့ဆုံပြီး ကာကွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ လုံခြုံရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးစလုံးက ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးတက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့သော အဆိုပါ ထိပ်သီးဆွေးနွေးပွဲသည် မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၏ စက်မှုကဏ္ဍ ကောင်းမွန်စွာလည်ပတ်လျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုများစွာရှိနေသည့်အတွက် ဂျပန်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့တွေ့ဆုံရခြင်းသည် ဂုဏ်ယူစရာဖြစ်ကြောင်း သမ္မတ ထရမ့်က ပြောကြားသည်။
၎င်းတို့၏ မဟာမိတ်ဆက်ဆံ ရေးခိုင်မာမှုကို ကမ္ဘာကိုပြသနိုင်မည့်အခွင့်အရေးကို ရယူလိုကြောင်း ဝန်ကြီးချုပ် ဆာနေးက ပြန်လည်ပြောကြားခဲ့သည်။
ထို့ပြင် ဉာဏ်ရည်တုနည်းပညာ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် အရေးပါသော သတ္တုသယံဇာတများကဲ့သို့သော ကဏ္ဍများတွင် စီးပွားရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ထွန်းလျက်ရှိကြောင်း ဆာနေးက ထပ်လောင်းပြောကြားသည်။
စီးပွားရေးကဏ္ဍနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၌ ခုနစ်နှစ်ဆက်တိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံဖြစ်ကြောင်း ဆာနေးက ထောက်ပြပြောဆိုခဲ့သည်။
ခေါင်းဆောင်နှစ်ဦးစလုံးက နှစ်နိုင်ငံ စီးပွားရေးဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ကတိကဝတ်ပြု ထားကြောင်းကိုလည်း အတည်ပြုခဲ့ကြသည်။
ထို့ပြင် နိုင်ငံတကာငွေကြေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ၎င်းတို့က အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အင်န်အိတ်ချ်ကေ


