ပေကျင်း စက်တင်ဘာ ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံတော်အဆင့်ခရီးစဉ် သွားရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့မှ ယမန်နေ့က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
သမ္မတရှီနှင့်အတူ ၎င်း၏ဇနီးဖြစ်သူ ပန်လီယွမ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေရုံး ညွှန်ကြားရေးမှူးဖြစ်သူ ချိုင်ချီနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့ လိုက်ပါသွားသည်။
အဆိုပါခရီးစဉ်သည် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
ယခုခရီးစဉ်သည် မေလအတွင်း သမ္မတထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်နောက်ပိုင်း ယခုနှစ်အတွက် ဒုတိယအကြိမ်မြောက် အမေရိကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမည်ဖြစ်သည်။
ခေါင်းဆောင်နှစ်ဦးက ကမ္ဘာလုံးဆိုင်ရာ အရေးပါသောကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော့ကျိခွန်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
သမ္မတနှစ်ဦးအနေဖြင့် ခြောက်လတာကာလအတွင်း အပြန်အလှန်ခရီးစဉ်များ သွားရောက်ခြင်းသည် နှစ်နိုင်ငံအတွက် သမိုင်းဝင်အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
တရုတ်နိုင်ငံက အမေရိကန်နိုင်ငံနှင့်အတူ ပူးပေါင်းပြီး မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် အပြုသဘောဆောင်သည့်ဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေရန်၊ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် ကွဲပြားခြားနားချက်များကို သင့်လျော်စွာကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ထိပ်သီးဆွေးနွေးပွဲတွင် ဉာဏ်ရည်တုနည်းပညာဆိုင်ရာကိစ္စရပ်များအပြင် နိုဝင်ဘာလတွင် သက်တမ်းကုန်ဆုံးမည့် လက်ရှိ အမေရိကန်-တရုတ် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အပါအဝင် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ပါဝင်ဖွယ်ရှိကြောင်း သိရသည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ


