နေပြည်တော် စက်တင်ဘာ ၂၄
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာ ယာယီပိတ်ထားခဲ့သည့် ဖလမ်းမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန ဖလမ်းမြို့ မူလတန်းကြိုကျောင်းတွင်ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်တာဝန်ခံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီးနှင့်ပြည်နယ်ဝန်ကြီးတို့က မူလတန်းကြိုကျောင်းကလေးများအား အာဟာရများ တိုက်ကျွေးသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယခုအခါချင်းပြည်နယ်အတွင်း ဟားခါးမြို့၊ တီးတိန်မြို့နှင့် ဖလမ်းမြို့များရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများကို ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း မူလတန်း ကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် တိုက်တွန်းလိုပါကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ၆၈ ကျောင်းအတွက် ဆရာမလစာနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအနေဖြင့် မူလတန်းကြိုကျောင်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် တိုက်တွန်းကြောင်း ပြောကြားပြီး သင်ထောက်ကူပစ္စည်းများ၊ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့်အလှူငွေများကို ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးတို့က ပေးအပ်သည်။
နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ တဖြည်းဖြည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် ယခင်က မူလတန်းကြိုကျောင်းသုံးကျောင်းရှိခဲ့ပြီး ယခုအခါ မူလတန်းကြိုကျောင်း နှစ်ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယမန်နေ့ကလည်း ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဆောက်အအုံ ပြုပြင်နေမှု၊ ဝန်ထမ်းအိမ်ရာနှစ်လုံး ပြုပြင်နေမှု၊ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းအိမ်ရာနှင့် ရုံးအဆောက်အအုံပြုပြင်နေမှု၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ရုံးအဆောက်အအုံပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာသင်ကြားနေမှုအား ကြည့်ရှုအားပေးစကားပြောကြားပြီး စာသင်ဆောင် အဆောက်အအုံပြုပြင်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
သတင်းစဉ်


