တောင်သူများဘ၀ “ရေ” စိတ်ချစွာဖြင့် အယ်လ်နီညိုကာလ ကျော်ဖြတ်ကြပါစို့

ဝိဓူရ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများတွင် အယ်လ်နီညိုဖြစ်ပေါ်ခြင်းကြောင့် အစွန်းရောက်ရာသီဥတုများ ပြင်းထန်စွာခံစားကြရပြီး လူမှုစီးပွားဘဝများထိခိုက်စေနိုင်ပါသည်။ အယ်လ်နီညိုဆိုသည်မှာ ပင်လယ်ရေ အပူချိန်ပြောင်းလဲခြင်းကြောင့် ရက်ရှည်မိုးပြတ်၍ ပူပြင်းခြောက်သွေ့ခြင်းများဖြစ်စေသည့်နည်းတူ အချိန်မှန် မိုးမရွာခြင်း၊ ရွာသွန်းသည့်အခါ ထူးခြားစွာ မိုးကြီးရေလျှံခြင်းများ ဖြစ်စေနိုင်ပါသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၂၆ ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ် ကျရောက်လာနိုင်မည်ဟု မိုးလေဝသ ပညာရှင်များ အသိပေးနှိုးဆော်ထားပါသည်။ အယ်လ်နီညိုကျရောက်သည့်အခါတွင် မိုးရွာချိန်မှန်ကန်မှုမရှိ ခြင်း၊ ရက်ရှည်မိုးပြတ်ပြီး ရေရှားပါးခြင်း၊ မိုးရွာသည့်အခါ အချိန်တိုအတွင်း လွန်ကဲစွာ ရွာသွန်းခြင်းကြောင့် ရေကြီး/ ရေလျှံမှုများဖြစ်စေခြင်း၊ ပူပြင်းခြောက်သွေ့ပြီး အပူချိန် ထူးကဲစွာမြင့်မားလာခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်စေပြီး သီးနှံအထွက်နှုန်းကျဆင်းစေခြင်း၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ရေကန်များ ရေလျော့နည်းခြင်း စသည်တို့ ဖြစ်ပေါ်စေနိုင်ပါသည်။ အယ်လ်နီညိုကြောင့် မိုးလုံးဝမရွာတာမျိုး မဟုတ်ပါ၊ မိုးရွာသွန်းချိန်မမှန်ကန်မှုနှင့် အစွန်းရောက်ရာသီဥတုကိုဖြစ်စေခြင်းသာ ဖြစ်ပါသည်။

အယ်လ်နီညိုရာသီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်းချုပ်ရန် မဆောင်ရွက်နိုင်သော်လည်း ကြိုတင် ပြင်ဆင်ခြင်းဖြင့် ကောင်းစွာကျော်လွှားဖြတ်သန်းနိုင်မည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်မှုများအနေဖြင့် မိုးကောင်းစွာရွာသွန်းချိန်တွင် ရေကိုစနစ်တကျ စုဆောင်းထားရှိပြီး မိုးပြတ်သည့်ကာလများတွင် မျှဝေသုံးစွဲခြင်းဖြင့် သောက်သုံးရေ၊ စိုက်ပျိုးရေပြတ်လပ်မှုများကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ရေကိုကြိုတင် စုဆောင်းခြင်း၊ ချွေတာသုံးစွဲခြင်းနှင့်အတူ ရေရှားပါးပြတ်လပ်ချိန်တွင်လည်း မျှတညီညွတ်စွာ ခွဲဝေသုံးစွဲကြရမည်ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်ခြင်းဖြင့် စိုက်ပျိုးသီးနှံထုတ်လုပ်မှု ထိခိုက်ပျက်စီးမှုများ နည်းပါးစေ၍ ဝင်ငွေဆုံးရှုံးမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ရာ ယနေ့မှစ၍ ရေကိုစနစ်တကျ စုဆောင်းချွေတာသုံးစွဲခြင်းသည် မနက်ဖြန် စားဝတ်နေရေးကိုကာကွယ်ခြင်းပင် ဖြစ်ပါသည်။

စိုက်ပျိုးရေးကို အခြေခံသည့် မိမိတို့နိုင်ငံအနေဖြင့် ကျေးလက်နေတောင်သူများနှင့် ပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပြီး အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို စနစ်တကျ ဖြတ်သန်း ကျော်လွှားနိုင်မည်ဖြစ်ပါသည်။ အစိုးရအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၏ စီမံဆောင်ရွက်မှုများ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ပြည်သူများ၊ တောင်သူလယ်သမားများအနေဖြင့် လွယ်ကူထိရောက်ပြီး လက်တွေ့ကျသည့် ကြိုတင်ပြင်ဆင်မှုများအား ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ထားကြရမည်ဖြစ်ပါသည်။

မိမိတို့ ကျေးရွာရှိ ရေကန်များ တူးဖော်ခြင်း၊ ကန်ပေါင်ဆယ်ခြင်း၊ ရေဝင်လမ်းကြောင်းများ ရှင်းလင်း တူးဖော်ခြင်း၊ ချုံနွယ်သစ်ပင်နှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းများ ဆောင်ရွက်ထားပြီး ပိုးသတ်ဆေးသုံး စွဲခြင်းကဲ့သို့ ရေကိုအဆိပ်အတောက်ဖြစ်စေမည့် အရာများအား စုဆောင်းရေအတွင်းသို့ ကျရောက်ခြင်းမရှိစေရန် သတိပြု၍ ဘေးအန္တရာယ်ကင်းစွာ ကာကွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ရေကိုစနစ်တကျ စုဆောင်းထားကြရမည်ဖြစ်ပါသည်။

ယနေ့ ရေတစ်စက်ချွေတာခြင်းသည် နောက်တစ်နေ့အတွက် ရေတစ်စက်စုဆောင်းထားခြင်းပင် ဖြစ်ပါသည်။ စိုက်ပျိုးရေရယူသုံးစွဲရာတွင်လည်း သီးနှံ၏ ရေလိုအပ်ချက်ပမာဏနှင့်အညီသာ ရယူသုံးစွဲခြင်း၊ ရေလေလွင့်မှုမရှိစေရန်အတွက် လယ်ကြားမြောင်းများ၊ ကန်သင်းများ ပြုပြင်ဆောင်ရွက်ခြင်း၊ အလှည့်ကျ ရေယူစနစ်ဖြင့် မျှတညီညွတ်စွာ ခွဲဝေသုံးစွဲခြင်းများအား ပိုမိုစနစ်ကျစွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

မိုးတစ်ကြိမ်ရွာရုံနှင့် မိုးရေလုံလောက်စွာရနိုင်မည်ဟု မျှော်မှန်း၍ အလျင်စလို သီးနှံစိုက်ပျိုးခြင်းများ မပြုလုပ်သင့်ပါ။ တစ်ရက်/ နှစ်ရက် မိုးရွာပြီး ရက်ရှည်မိုးပြတ်သွားနိုင်ခြင်းကြောင့် စိုက်ပျိုးထားသည့် သီးနှံများဆုံးရှုံးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ဒေသနှင့်ကိုက်ညီ၍ ရေလိုအပ်ချက်နည်းပြီး သက်တမ်းတိုသည့် သီးနှံများကိုသာ ရွေးချယ်စိုက်ပျိုးကြရန်နှင့် မိုးလေဝသသတင်းများ စဉ်ဆက်မပြတ် နားထောင်၍ ရေရရှိနိုင်မည့်ပမာဏအား ခန့်မှန်းချင့်ချိန်တွက်ချက်စိုက်ပျိုးရန် လိုအပ်ပါသည်။

အယ်လ်နီညိုကာလတွင် မိုးရေကို တန်ဖိုးထားကြသကဲ့သို့ မြေအောက်ရေကိုလည်း တန်ဖိုးထား ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ စိုက်ပျိုးရေ စက်ရေတွင်းများမှ ရေကိုမလိုအပ်ဘဲ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းသည် မြေအောက်ရေမျက်နှာပြင် လျော့ကျစေနိုင်ပြီး ရေအရည်အသွေးကိုလည်း ထိခိုက်စေနိုင်ပါသည်။ မြေအောက်ရေကို လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲပြီး ပြန်လည်ဖြည့်တင်းနိုင်သည့် မိုးရေစိမ့်ဝင်သည့် နေရာများကိုလည်း ပိတ်ဆို့တားဆီးခြင်းများ မရှိစေရန်လိုအပ်ပါသည်။ မြေအောက်ရေသည် အရေးကြီးသော အရန်ရေဖြစ်သည့်အတွက် အမှန်တကယ် လိုအပ်မှသာ စနစ်တကျ ထုတ်ယူသုံးစွဲကြရန်နှင့် မြေအောက်ရေမျက်နှာပြင်ကျဆင်းလျှင် သက်ဆိုင်ရာဌာနများသို့ အသိပေးဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။

“ရေအသက်တစ်မနက်” ဆိုသည့်အတိုင်း သောက်သုံးရေကို ပထမဦးစားပေးကာကွယ်ရန် လိုအပ်ပါ သည်။ သောက်သုံးရေနှင့် စိုက်ပျိုးရေ ခွဲခြားအသုံးပြုရန်နှင့် အမှိုက်အညစ်အကြေးများ ရှင်းလင်းဆောင်ရွက်ရန်၊ ရေတွင်းရေကန်များ အစဉ်သန့်ရှင်းမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ အဆိုပါ လုပ်ငန်းစဉ်များအား ရပ်ရွာတောင်သူအစုအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ လူမှုအသင်းအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရဌာနများ စဉ်ဆက်မပြတ် ချိတ်ဆက် ပူးပေါင်း၍ ဟန်ချက်ညီညီ အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

အယ်လ်နီညိုကြောင့် ရေရှားပါးမှုဖြစ်စဉ်များ ပေါ်ပေါက်လာပါက ညီညွတ်မျှတစွာ ခွဲဝေသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်ရာ ကျေးရွာအလိုက်၊ တောင်သူအစုအဖွဲ့အလိုက် ဆွေးနွေးဆောင်ရွက်၍ ရေကို တရားမဝင်ရယူသုံးစွဲခြင်း၊ မြောင်းပိတ်/ မြောင်းချိုး၍ ရေရယူခြင်းများ မပြုလုပ်ကြရန်နှင့် ရေကို အလှည့်ကျ မျှတစွာသုံးစွဲကြရန်၊ ချွေတာ၍ စည်းကမ်းရှိစွာ သုံးစွဲကြရန် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ရေကို မျှဝေသုံးစွဲခြင်းကသာ မိမိရပ်ရွာကို ကာကွယ်နိုင်မည်ဖြစ်ရာ ပြဿနာများကို အတူတကွ ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရပါမည်။

အနှစ်ချုပ်အားဖြင့် ရေရှားပါးချိန်တွင် စည်းကမ်းမဲ့စွာ အလဟဿသုံးစွဲခြင်းမပြုကြရန်၊ မိုးတစ်ကြိမ် ရွာရုံနှင့် အလျင်စလို စိုက်ပျိုးခြင်းမပြုကြရန်၊ မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း မပြုကြရန်၊ သောက်သုံးရေကို စိုက်ပျိုးရေအဖြစ် အစားထိုးသုံးစွဲခြင်း မပြုကြရန်၊ ရေကို တရားမဝင်ရယူသုံးစွဲခြင်း၊ မြောင်းပိတ်/ မြောင်းချိုးခြင်း၊ ရေယူပေါက်ချဲ့ခြင်းများ မပြုလုပ်ကြရန် အထူးအလေးထားလိုက်နာရန် လိုအပ်ပါသည်။

ထို့အတူပင် မိုးရေလှောင်ကန်များအား တူးဖော်ရှင်းလင်းခြင်း၊ ရေကိုချွေတာ၍ စနစ်တကျ သုံးစွဲခြင်း၊ မိုးလေဝသသတင်းများအား အစဉ်နားထောင်ခြင်းနှင့် သတင်းမျှဝေခြင်း၊ သီးနှံများအား ရေရရှိမှုအခြေအနေ အပေါ်မူတည်၍ ရွေးချယ်စိုက်ပျိုးခြင်းများအား ဒေသအလိုက်၊ အစုအဖွဲ့အလိုက်အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

အစွန်းရောက်ရာသီဥတုကို ဖြစ်စေသည့် အယ်လ်နီညိုကို မဖြစ်အောင် တားဆီး၍မရ၊ ကာကွယ်၍ မရဆိုသော်လည်း စနစ်တကျကြိုတင်ပြင်ဆင်ခြင်းဖြင့် မိမိတို့၏ မိသားစုဘဝများနှင့် သီးနှံရိက္ခာများကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။ “မိုးရွာတုန်းရေကိုစု၊ ရေရှိတုန်း ချွေတာသုံး၊ ရှားပါးချိန်မှာ မျှဝေသုံး” ကြခြင်းဖြင့် သန်မာသောတောင်သူ၊ ခိုင်မာသော ကျေးရွာ၊ သာယာသော နိုင်ငံတော်အဖြစ် ရေကို ရွှေလိုတန်ဖိုးထား၍ အယ်လ်နီညိုကာလကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ဖြတ်သန်းကြပါစို့ဟု ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။