စက်တင်ဘာ ၂၄
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတကာ ခရီးသွား ၂ ဒသမ ၂၅ သန်းသာ ရောက်ရှိခဲ့ရာ ၂၀၂၆ ခုနှစ် ပထမ ရှစ်လအတွင်း ၄၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး ယမန်နှစ် အလားတူကာလက နိုင်ငံခြားခရီးသွား ၄ ဒသမ ၀၅ သန်း ဝင်ရောက်မှုရှိခဲ့ရာမှ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ယမန်နေ့ကထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအစီရင်ခံစာတွင် ဇန်နဝါရီလမှ သြဂုတ်လအထိ တရုတ်၊ ဗီယက်နမ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ထိပ်တန်း ခရီးသွားနိုင်ငံ သုံးခုအဖြစ် ဖော်ပြခဲ့သည်။
အထူးသဖြင့် တရုတ်ခရီးသွား ၅၈၈၀၅၁ ဦးကို ဆွဲဆောင်နိုင်ခဲ့ရာ ယခင်နှစ်ကထက် ခရီးသွား၂၅ ရာခိုင်နှုန်း ၊ ဗီယက်နမ်ခရီးသွား ၅၈၅၇၁၁ ဦးရှိပြီး ၂၇ ဒသမ ၆ ရာခိုင်နှုန်း၊ အမေရိကန်ခရီးသွား ၁၂၉၈၇၆ ဦး ဝင်ရောက်ခဲ့ပြီး ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။
ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak က ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြင်းထန်သော စိန်ခေါ်မှုများကြောင့် ခရီးသွားဝင်ရောက်မှုကျဆင်းကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှုကွန်ရက်များနှင့်ပတ်သက်သည့် အပျက်သဘောဆောင်သော လူသိရှင်ကြားဖြစ်မှု၊ ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တစ်လျှောက် ပွတ်တိုက်မှုနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပထဝီနိုင်ငံရေး ပဋိပက္ခများကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်ပြီး ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာရေး လျော့ကျစေခဲ့သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးကို ပံ့ပိုးပေးသည့် စီးပွားရေးကဏ္ဍလေးရပ်တွင် ပါဝင်နေဆဲဖြစ်ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ၊ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်းများကဲ့သို့သော ပို့ကုန်ထုတ်လုပ်မှုတို့နှင့်အတူ ဆက်လက်တည်ရှိနေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


