M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရတနာပုံနှင့် အား/ကာသိပ္ပံအသင်း နိုင်ပွဲရယူ

ရန်ကုန်     စက်တင်ဘာ     ၂၃

M-League ယူ-၂၀  လူငယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ် ၁၆ ဒုတိယနေ့ကို စက်တင်ဘာ ၂၃ ရက်က ဆက်လက်ကျင်းပရာ ရတနာပုံအသင်းနှင့် အား/ကာသိပ္ပံအသင်း နိုင်ပွဲရယူခဲ့သည်။

ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက မြဝတီအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည် ဇယားအောက်ပိုင်းမှ မြဝတီကို ဂိုးပြတ်အနိုင်ယူပြီး ရှစ်ပွဲမြောက်နိုင်ပွဲ ရယူခဲ့သည်။  ရတနာပုံအသင်းသည်  ပထမပိုင်းတွင် သွင်းယူသည့် ဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရတနာပုံအသင်းအတွက် အနိုင်ဂိုး သုံးဂိုးစလုံးကို ပြည့်ဖြိုးအောင် တစ်ဦးတည်းက ၃၊ ၁၈၊ ၄၁ မိနစ်တွင် ဟက်ထရစ်သွင်းယူခဲ့ခြင်းဖြစ်သည်။

YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက Galaxy အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဇယားထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်းသည် အမှားအယွင်းမရှိ နိုင်ပွဲဆက်နေပြီး အမှတ်ဖြတ် ဦးဆောင်လျက်ရှိသည်။ မြန်မာ ယူ-၁၆ လူငယ်လက်ရွေးစင်အသင်းဖြစ်သော  Galaxy  အသင်းသည်  ပထမပိုင်းတွင်  တစ်ဂိုးစီသရေအထိ လိုက်ကစားနိုင်ပြီးမှ  ဒုတိယပိုင်းတွင် ပေးလိုက်ရသည့်ဂိုးများဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။  အား/ကာသိပ္ပံအသင်းအတွက် ဂိုးများကို ၂၇ မိနစ်တွင် ထွန်းကိုကိုဦး၊ ၆၃ မိနစ်တွင် စစ်ငြိမ်းချမ်းဦး၊ ၈၈ မိနစ်တွင် ချစ်ဝိုင်းခန့်တို့က သွင်းယူပြီး  Galaxy အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၄၅+၂ မိနစ်တွင် ပိုင်ဇေထွန်းက သွင်းယူသည်။

ပွဲစဉ် (၁၆) နောက်ဆုံးနေ့ကို စက်တင်ဘာ ၂၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗဟန်းကွင်း၌ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် Chinland  အသင်း၊  YUSC  ကွင်း၌  ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - ML