နေပြည်တော် စက်တင်ဘာ ၂၃
ဘောလုံးအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးဆက်သစ် အမျိုးသမီးဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် အားကစားကွင်းနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတို့၌ ဇုန်များခွဲ၍ ကျင်းပသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ ဇုန်များအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးသည်။
ယနေ့ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စုပတ်လည် နောက်ဆုံးအဆင့် ပွဲစဉ်များအဖြစ် ကရင် ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ အိမ်ရှင် ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင် ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ခြောက်ဂိုး -တစ်ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ငါးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြိုင်ပွဲ နှစ်ရက်နားမည်ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက် မွန်းလွဲ ၃ နာရီမှ စတင်၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ” ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သန်လျင်ကွင်း၌ ကရင် ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ လေ့ကျင့်ရေးကွင်း(၁)၌ ဧရာဝတီ တိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


