ဗီယက်နမ်အစိုးရ အမျိုးသားအဆင့် အီလက်ထရွန်နစ် အထောက်အထားစိစစ်ရေး အက်ပလီကေးရှင်းအား အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ရန် ဆောင်ရွက်

ဟနွိုင်း စက်တင်ဘာ ၂၂

 

ဗီယက်နမ်အစိုးရသည် ၎င်း၏ အမျိုးသားအဆင့် အီလက်ထရွန်နစ် အထောက်အထားစိစစ်ရေး အက်ပလီကေးရှင်း VNeID အား စင်ကာပူနှင့် လာအိုနိုင်ငံတို့ရှိ အီလက်ထရွန်နစ် အထောက်အထား စိစစ်ရေးစနစ်များနှင့် ချိတ်ဆက်ရန်ဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများသို့လည်း ၎င်းချိတ်ဆက်မှုကို တဖြည်းဖြည်းချင်း ချဲ့ထွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရ၏ သတင်းအချက်အလက် ဝက်ဘ်ဆိုက်က စက်တင်ဘာ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

ယခုဆောင်ရွက်သည့် အစီအစဉ်အရ နယ်စပ်ဂိတ်များတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအား လွယ်ကူချောမွေ့စေရေးဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံသားများအချင်းချင်း ကူးလူးဆက်သွယ်မှုနှင့် ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါအစီအစဉ်အရ ဗီယက်နမ်နိုင်ငံသည် မြို့တော်ဟနွိုင်းရှိ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နိုင်ငံတောင်ပိုင်းစီးပွားရေးဗဟိုချက်ဖြစ်သော ဟိုချီမင်းစီးတီးရှိ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် စင်ကာပူ၊ လာအိုနိုင်ငံတို့နှင့် အီလက်ထရွန်နစ် အထောက်အထား စိစစ်ရေးဆိုင်ရာ အချက်အလက်များ ချိတ်ဆက်ခြင်း၊ အတည်ပြုခြင်းနှင့် အပြန်အလှန်ဖလှယ်ခြင်းတို့ကို စမ်းသပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုအစီအစဉ်ကို အာဆီယံနိုင်ငံများသို့ ချဲ့ထွင်ဆောင်ရွက်ခြင်းမပြုမီ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းစဉ်ကြာမြင့်ချိန်၊ အတည်ပြုစိစစ်မှု အောင်မြင်နှုန်း၊ အမှားအယွင်းများနှင့် အသုံးပြုသူများ၏ သုံးသပ်ချက်အကြံပြုချက်များကို ဆန်းစစ်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။  

ဆင်ဟွာ