မော်လမြိုင် စက်တင်ဘာ ၂၂
မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) ကို ယနေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဥပဒေရေးရာဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က ဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများအနက် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဥပဒေများကို ပြန်လည်ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန်၊ မိမိတို့ ပြည်နယ်အတွင်း ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မည့် သူများကို အသိပညာပေးရန်နှင့် ယင်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်တို့မှာ အဓိကကျသည့် လုပ်ငန်းများဖြစ်၍ ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့်လည်း ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အခက်အခဲများ လိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်က ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြမှုအပေါ် အစည်းအဝေးတက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး ဆပ်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


