ရန်ကုန် စက်တင်ဘာ ၂၂
M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၆) ပထမနေ့ကို စက်တင်ဘာ ၂၂ ရက်ကကျင်းပရာ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်စီးတီးအသင်း အနိုင်ရရှိခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီးအသင်းက သစ္စာအားမာန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်စီးတီးအသင်းသည် နာကျင်အချိန်ပိုတွင် သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။ ရန်ကုန်စီးတီးအသင်းသည် ခုနစ်ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ပြီး ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် ကြိုးပမ်းနေသည့် သစ္စာအားမာန်အသင်းအတွက် နစ်နာသည့်ရှုံးပွဲတစ်ပွဲဖြစ်ခဲ့သည်။ ရန်ကုန်စီးတီးအသင်းအတွက် အနိုင်ဂိုးကို ၉၀+၄ မိနစ်တွင် မင်းဘုန်းခန့်က သွင်းယူသည်။
ဗဟန်းမြက်ခင်းတုကွင်း၌ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့ပြီး ထိပ်ဆုံးသုံးသင်း စာရင်းဝင်ရန် မျှော်လင့်ချက်ရှိလာသည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၄၈ မိနစ်တွင် မျိုးမင်းခန့်၊ ၆၆ မိနစ်တွင် ဝေလျှံရှိုင်းတို့က သွင်းယူခဲ့သည်။
ပွဲစဉ် (၁၆) ဒုတိယနေ့ကို စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဗဟန်းကွင်း၌ ရတနာပုံအသင်းနှင့် မြဝတီအသင်း၊ YUSC ကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် Galaxy အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-ML


