ရန်ကုန် စက်တင်ဘာ ၂၁
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဖြစ်သူ နော်ဝေ/ဂျာမနီနိုင်ငံသား ယော်အန်ဒါဆင်သည် FIFA-Asean Cup 2026 ပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် စက်တင်ဘာ ၂၁ ရက်က ဟောင်ကောင်သို့ ထွက်ခွာသွားပြီး အပြီးသတ်လူစာရင်းတွင် ဒဏ်ရာရကစားသမားများရှိနေသဖြင့် စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများ တွဲဖက်ရွေးချယ်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းတွင် လူငယ်ကစားသမားများဖြစ်သည့် ကောင်းခန့်ကျော်၊ မိုးဆွေ၊ ပြည့်စုံအောင်တို့ ပထမဆုံးအကြိမ် ရွေးချယ်ခံရသည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား-ဇင်ညီညီအောင်၊ ဆန်းဆက်နိုင်(ရန်ကုန်ယူနိုက်တက်)၊ နေလင်းထက်(ဟံသာဝတီယူနိုက်တက်)၊ နောက်တန်း-မြတ်ဘုန်းခန့် (သစ္စာအားမာန်)၊ ဖြိုးပြည့်စုံ(ရှမ်းယူနိုက်တက်)၊ ဟိန်းဇေယျာ လင်း (ရန်ကုန်ယူနိုက်တက်)၊ စိုးမိုးကျော်(ကလပ်အသင်းမရှိ)၊ ဇွဲခန့်မင်း(ရန်ကုန်စီးတီး)၊ အလယ်တန်း-အောင်မျိုးခန့်၊ ဇော်ဝင်းသိန်း(ရန်ကုန်ယူနိုက်တက်)၊ ဝေလင်းအောင် (နီဂျီရီဆီ ဘန်လမ်-မလေးရှား)၊ ရှိုင်းဝဏ္ဏအောင် (သစ္စာအားမာန်)၊ မိုးဆွေ(ရတနာပုံ)၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ ရဲရင့်အောင်(ရှမ်းယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ခွန်ကျော်ဇင်ဟိန်း (ရန်ကုန်စီးတီး)၊ ကောင်းခန့်ကျော် (ဟံသာဝတီယူနိုက်တက်)၊ ဟိန်းထက်အောင် (မီလာကာ-မလေးရှား)၊ ရှေ့တန်း- ပြည့်စုံအောင် (သစ္စာအားမာန်)၊ ဝင်းနိုင်ထွန်း (ရန်ကုန်စီးတီး)၊ သန်းပိုင်(ရန်ကုန်ယူနိုက်တက်) တို့ ပါဝင်ကြသည်။ မောင်မောင်လွင်နှင့် ဟိန်းဖြိုးဝင်းမှာမူ ဒဏ်ရာပြဿနာများကြောင့် ယခုပြိုင်ပွဲ လွဲချော်မည် ဖြစ်သည်။
ပထမဆုံးအကြိမ်ကျင်းပမည့် FIFA-Asean Cup 2026 ပြိုင်ပွဲကို အဆင့်နှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဟောင်ကောင်၌ ကျင်းပမည့် Division 2 ၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Division 2 ပွဲစဉ်များကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု(A) တွင် အိမ်ရှင်ဟောင်ကောင်၊ လာအို၊ ဘရူနိုင်း၊ အုပ်စု(B)တွင် ကမ္ဘောဒီးယား၊ မြန်မာ၊ တီမောအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၂၄ ရက်တွင် တီမောအသင်း၊ စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုနှစ်ခုမှ ထိပ်ဆုံးတစ်သင်းစီသာ ဗိုလ်လုပွဲ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗိုလ်လုပွဲတက်ရောက်ခွင့်ရရေး အုပ်စုပထမနေရာရရန် လိုအပ်နေသည်။
ကိုညီလေး


