ကျူးကျော်တိုက်ခိုက်မှုထပ်မံဖြစ်ပွားပါက  တိုက်စစ်အရှိန်အဟုန်မြှင့်တင်မည်ဟု အီရန်ပြောကြား

တီဟီရန်     စက်တင်ဘာ     ၂၁

အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့်  နောက်ထပ်ကျူးကျော်မှုများအား ဆောင်ရွက်ပါက  အီရန် အနေဖြင့်  စစ်ပွဲ၏မြေပြင်အခြေအနေအား   ပြောင်းလဲကာ တိုက်စစ်အရှိန်အဟုန်မြှင့်တင်မည်ဟု  အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဟူစိန် မိုဟာဘီက ပြောကြားသည်။

အီရန်နိုင်ငံအပေါ် ထပ်မံကျူးကျော်တိုက်ခိုက်လာပါက နိုင်ငံ၏ကာကွယ်ရေးနှင့် တိုက်စစ်အရှိန်အဟုန်အား  သိသိသာသာမြှင့်တင်မည်ဖြစ်ကြောင်း  ၎င်းက အယ်လ်အလန်သတင်းဌာနအား ပြောကြားသည်။  မိမိတို့အနေဖြင့်  တိုက်ခိုက်မှုစွမ်းရည်မြင့်မားသည့်  လက်နက်အသစ်များအား  စတင်မိတ်ဆက်သည့်အချိန်တွင် ကမ္ဘာကြီးက အံ့အားသင့်လိမ့်မည်ဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် တိုက်ခိုက်မှုမပြုလုပ်ရသေးသည့် ပစ်မှတ်သစ်များရှိကြောင်း ၎င်းကပြောကြားသည်။

လက်ရှိအချိန်တွင် စစ်ပွဲမပြီးဆုံးသေးသည့်အတွက် ရေရှည်အထိ တိုက်ခိုက်ရန် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြင်ဆင်ထားကြောင်း ၎င်းကပြောကြားသည်။ အီရန်တပ်ဖွဲ့အနေဖြင့် ကျူးကျော် တိုက်ခိုက်သူများဖြစ်သည့် အမေရိကန်နှင့် အစ္စရေးအပါအဝင်  ၎င်းတို့၏  မဟာမိတ်များအပေါ်  ရှုံးနိမ့်ခြင်းအရသာကို  ခံစားစေမည်ဟု ၎င်းကပြောကြားသည်။ ဟော်မုဇ်ရေလက်ကြားရှိ   အမေရိကန်ဒရုန်းတစ်စင်းအား ပစ်ချခဲ့ကြောင်း အီရန်အာကာသတပ်ဖွဲ့က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။

ဆင်ဟွာ