ဘိုးဘွားတို့ရဲ့ အနုသုခုမယဉ်ကျေးမှုအမွေ ထိန်းသိမ်းကြစို့လေ

ဇာနည်ဘွား

လူမှုကွန်ရက် စာမျက်နှာထက်တွင် ၁၉၉၅ ခုနှစ်က ကျင်းပခဲ့သော မြဝတီအငြိမ့် ပြိုင်ပွဲဗီဒီယိုဖိုင်လေးများ မကြာမကြာ ပေါ်ထွက်လာရာ ပြန်လည်ကြည့်ရှုမိတိုင်း ကျေနပ်အားရဖြစ်ရသည်။

အထူးသဖြင့် ပြိုင်ပွဲတွင် ပထမဆုရ ခေါင်းဆောင်မင်းသမီး မြင့်မြင့်ကြည်နှင့် မော့စ်၊ မိုးဒီ စသည့်နိုင်ငံကျော်လူရွှင်တော်ကြီးများ ပါဝင်သော ဧရာဝတီတိုင်းကိုယ်စားပြု အငြိမ့်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကား ယနေ့တိုင် မရိုးနိုင်ပါပေ။ မြဝတီအငြိမ့်ပြိုင်ပွဲက မြန်မာ့အငြိမ့်သဘင်အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ်တော့သည်။

ပန်းခြံများတွင် အငြိမ့်ပွဲများ စီစဉ်ကျင်းပ

အငြိမ့်သဘင်သည် မြန်မာ့အနုပညာစစ်စစ် ဖြစ်သည်။ အငြိမ့်ကိုကြည့်လျှင် အဆိုကောင်း၊ အပြောကောင်း၊ အကကောင်းနှင့် ရယ်ရွှင်ဖွယ်ရာများကိုကြည့်ရှုခံစားရပေသည်။ ရှေးအခါက စနေနေ့ ညနေပိုင်းတွင် မြို့လူထုအပန်းဖြေရန်အတွက် မြို့တော်စည်ပင်သာယာရေးအဖွဲ့က ပန်းခြံများတွင် အငြိမ့်ပွဲများ စီစဉ်ကျင်းပပေးခဲ့ကြသည်။

သို့တစေ နောက်ပိုင်းကာလများတွင် အငြိမ့်သဘင်သည် တစ်စတစ်စ ဆုတ်ယုတ်လာသည်။ ထိုသို့ဆုတ်ယုတ်ပျက်စီးလာမှုနှင့် ပတ်သက်၍ သတင်းစာဆရာ၊ စာရေးဆရာကြီး သခင်အောင်ဖေ က “အငြိမ့်များပျက်စီးသွားကြခြင်းမှာ ဘယ်သူ့ပယောဂကြောင့်မှ မဟုတ်ပေ။ ပျက်စီးဖို့ရာ အငြိမ့်များ ဗွေဖောက်လာခြင်းကြောင့်ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်လောက်ကစသည်ဟု ပြောရမည် ထင်၏။ အငြိမ့်သည် အငြိမ့်နေရာမနေဘဲ ဇာတ်သဘင် နယ်ထဲဝင်ရောက်ကျူးကျော်လာသည်။ မိုးလင်းပေါက်ပြသည်။ လူပြက်နှင့် နှစ်ပါးသွားသည်။ တောမဟုတ် တောင်မဟုတ် ဇာတ်ထုပ်ခင်းသည်။ အထူးသဖြင့် တောမြို့များနှင့် တောကျေးရွာများ၌ ကပြသောအခါ သို့မဟုတ် ရုံပွဲသွင်း၍ ကပြသော အခါဖြစ်၏။

တစ်ခါတစ်ရံ ဇာတ်များနှင့် အပြိုင်ကပြကြသည်။ လောကမှာ မိမိနှင့် တန်ရာတန်ရာ ပြောဆိုသင့်ကြ၏။ ပြုမူသင့်ကြ၏။ မိမိနှင့်လားလားမျှမတန်သော ပြောဆိုမှု၊ ပြုမူမှုရှိလာလျှင် မကြာမီဘေးဒုက္ခ လှလှကြီး ကြုံတွေ့ကြရသည်ကို အငြိမ့်သဘင်က သက်သေပြခဲ့သည်” စသည်ဖြင့် “သဘင်သုံးရပ်အရေး” ဆောင်းပါးတွင် သုံးသပ်ရေးသားခဲ့ပေ သည်။

ထိုသို့ တစ်စတစ်စ ပျက်စီးဆုတ်ယုတ်လာသောအငြိမ့်သဘင်သည် မြဝတီအငြိမ့်ပြိုင်ပွဲများ ကြောင့် ပြန်လည်အသက်ဝင်လာသည်။ အားသစ်ပြန်လောင်းလာနိုင်ခဲ့ပေသည်။ အနာဂတ်မြန်မာ့ အငြိမ့်သဘင်အတွက် အမြော်အမြင်ရှိသော ဆောင်ရွက်ချက်ဖြစ်ပေသည်။

ထိုနည်းတူ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုလည်း ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ငါးနှစ်တာကာလ (၂၀၁၇-၂၀၂၁ ခုနှစ်)မှအပ နိုင်ငံတော်အစိုးရအဆက်ဆက်က တစ်နှစ်ထက်တစ်နှစ် အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ရှိရှိ၊ အမျိုးသားယဉ်ကျေးမှု ပြည့်ပြည့်ဝဝဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် (၂၆)ကြိမ်မြောက်အဖြစ် ကျင်းပနိုင်ခဲ့သည်။

(၂၆)ကြိမ်မြောက်ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၁၆၇၂ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးက ဆုတံဆိပ် ၅၉ ဆု၊ မန္တလေးတိုင်းဒေသကြီးက ၄၇ ဆု၊ ဧရာဝတီတိုင်းဒေသကြီးက ၃၇ ဆု၊ စစ်ကိုင်းတိုင်း ဒေသကြီးက ၃၃ ဆု၊ ပဲခူးတိုင်းဒေသကြီးက ၂၂ ဆု၊ မွန်ပြည်နယ်က ၂၁ ဆု၊ မကွေးတိုင်းဒေသကြီးက ၁၄ ဆု၊ ကယားပြည်နယ်က ၁၇ ဆု၊ ရှမ်းပြည်နယ်က ၁၃ ဆု၊ ရခိုင်ပြည်နယ်က ၁၀ ဆု၊ ကရင်ပြည်နယ်က ၁၂ ဆု၊ တနင်္သာရီတိုင်းဒေသကြီးက ၁၃ ဆု၊ ချင်း ပြည်နယ်က ၁၀ ဆုနှင့် ကချင်ပြည်နယ်က ငါးဆု ဆွတ်ခူးရရှိခဲ့ကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပပေးခဲ့ခြင်းကြောင့် မြန်မာ့ယဉ်ကျေးမှုစရိုက်လက္ခဏာများကို တန်ဖိုးထား မြတ်နိုးသည့်စိတ်ဓာတ်များ ပိုမိုရှင်သန်နိုးထလာစေပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များ ပေါ်ထွန်းလာစေခဲ့သည်။

ရွက်ပုန်းသီးမျိုးဆက်သစ် အနုပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ဘိုးဘွားအဆက်ဆက်၊ အနုပညာရှင် မျိုးဆက်အဆင့်ဆင့်တို့က ယဉ်ကျေးမှုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းသယ် ဆောင်ပွားများလာခဲ့ကြသည့်နည်းတူ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတစ်ဝန်းရှိ ရွက်ပုန်းသီးမျိုးဆက်သစ် အနုပညာရှင်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပေသည်။

ထို့အတူ နယ်ပယ်အသီးသီးမှ ထွေးရောယှက်တင် ဝင်ရောက်လာသော ယဉ်ကျေးမှုဆိုင်ရာ ထိုးဖောက်မှုများကို မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးက ယဉ်ကျေးမှုခံတပ် သဖွယ် ကြံ့ကြံ့ခံ တားဆီးကာကွယ်ပေးနိုင်ခဲ့ပေသည်။

အမျိုးသားယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်တစ်ရပ်ဖြစ် သည်။ ကမ္ဘာ့အလယ်တွင် မြန်မာတို့၏အနုသုခုမယဉ်ကျေးမှုကိုပြပါဆိုလျှင် နှစ်ပေါင်းထောင်ချီသည့် မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံး စဉ်ဆက်မပြတ် ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများက ထိန်းသိမ်းဆင့်ပွား အမွေပေးခဲ့သည့် အဆို၊ အက၊ အရေး၊ အတီး ဟူသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို ဂုဏ်ယူဝင့်ကြွားစွာပြသ နိုင်ပေသည်။

စည်းကမ်း၊ ဘောင်၊ သတ်မှတ်ချက်များစွာရှိ

မြန်မာ့အနုသုခုမပညာရပ်များသည် နယ်ပယ်ကျယ်ဝန်းလှသည်နှင့်အမျှ စည်းကမ်း၊ ဘောင်၊ သတ်မှတ်ချက်များစွာရှိပေသည်။ သတင်းစာဆရာ၊ စာရေးဆရာကြီး သခင်အောင်ဖေက “သီချင်းကြီးဆို သည်မှာ စည်းကမ်း ကလနားဘောင် သတ်မှတ် ချက်ရှိသည်။ ဘောလယ် သည်လိုစပ်၊ တေးထပ် သည်လိုရေး၊ ယိုးဒယားပတ်ပျိုး၊ ဘွဲ့ စသည်တို့ အားလုံး သူ့စပ်နည်းစပ်ဟန်နှင့်ရှိသည်။ ကိုယ်စပ် ချင်သလို၊ ရေးချင်သလို ရေးလို့မရပေ။ ဆိုဟန်၌လည်း ကိုယ်ကြိုက်သလိုဆိုလို့ရသည်မဟုတ်”ဟု “ဂီတဆိုသည်မှာ” ဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

ထို့အတူ ဆရာကြီး သခင်အောင်ဖေက ရတု ဆိုနည်း၊ ရကန်ဆိုနည်းတွင်လည်း အသံတည်ပုံ၊ အသံအလေးအနက်၊ အတက်အကျ၊ အနိမ့်အမြင့် မတူကွဲပြားခြားနားမှုများရှိရာ ကွဲပြားခြားနားခြင်း တို့ကို အဆိုပညာရှင်များ နားလည်ထားရန်၊ ရှေးအခါက ဆိုသံကြားရုံမျှနှင့် ကဗျာရွတ်နေပါ တကား၊ ပျို့ဖတ်နေပါတကား၊ လင်္ကာဆိုနေပါ တကား သိကြကြောင်း ဆိုပါသည်။

တစ်ဆက်တည်းမှာပင် ဆရာကြီးသခင် အောင်ဖေက“ဂီတဆိုသည်မှာ” ဆောင်းပါးတွင် “ဇာတ်သဘင်ပညာရှင် ဦးဖိုးစိန်သည် ဓာတ်ပြားသွင်း၊ ဇာတ်ထုပ်တစ်ထုပ်၌ မဲဇာတောင်ခြေရတု သုံးပုဒ်ဆိုရာ အစမှအဆုံး မဆိုနိုင်၍ သူ့အစ်မ ဇာတ်မင်းသမီးကြီးက ဖေးမပြီးဆိုပေးရကြောင်း ဦးဟန်ပ ပြောပြဖူးသည်။

“ရှေးက ရှင်ဘုရင်ရှေ့တော်၌ ဆိုခဲ့ကြရသည့် အဆိုရှင်များသည် သတ်မှတ်ပေးထားသော ဘောင်အတွင်းမှ ကျော်၍ဆိုခွင့်မပြု၊ မဆိုတတ်က(ဝါ) မဆိုနိုင်က အာဖဲ့ခြင်းခံရ၏ဟု ကြားဖူးသည်။ ခွန်းထောက်ဆိုတတ်ရုံမျှနှင့် မင်းသားမဖြစ်၊ လက်မြှောက်တတ်ရုံမျှနှင့် မင်းသမီးမဟုတ်ဟု ဆိုစကားရှိသည်။

“မြန်မာ့ယဉ်ကျေးမှုဖြစ်သော ဝါဂီနစ်အနုပညာရပ်များ မတိမ်ကော၊ မပပျောက်ကြရန် စုပေါင်း ညီညွတ်စွာ ကာကွယ်ထိန်းသိမ်းကြဖို့လိုပြီ။ မိရိုးဖလာက ဆင်းသက်လာသည့် အနုပညာဘာသာ ရပ်များ မတိမ်ကော မပပျောက်ရန်တာဝန်ကိုယ်စီရှိကြသည်”ဟု ရေးသားခဲ့ပေသည်။

မကြာမီ ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်အစိုးရက နိုင်ငံတော်အဆင့် ဝှဲချီးခမ်းနားစွာ ကျင်းပပေတော့မည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် အနိုင်၊ အရှုံးကိုသာ ဦးတည် ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ မျိုးဆက်သစ်အနုပညာရှင်များ ဖော်ထုတ်ပေးနိုင်ရန်၊ ရိုးရာအနုပညာရပ်များ ရှင်သန်ဖွံ့ဖြိုးစေရန်၊ အမျိုးသားယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသည့်စိတ်ဓာတ်များ တိုးပွားစေ ရန်နှင့် နိုင်ငံတော်၏အမျိုးသားရေးကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ရန် စသည်တို့အတွက် အရေးပါ သော အမျိုးသားအဆင့် ယဉ်ကျေးမှုပွဲတော်ကြီး တစ်ရပ်ဖြစ်ရကား မကြာမီကျင်းပတော့မည့် ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို မြန်မာ့စိတ်ရင်းခံ အပြည့်ဖြင့် ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။