လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ AMI စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၀

 

သာကေတမြို့နယ်ရှိ အများပြည်သူ ရပ်ကွက်များတွင် ဓာတ်အားပျောက်ဆုံးမှု ၂၀ ရာခိုင်နှုန်းခန့် ရှိနေသဖြင့် ဌာနမှ ၅ ယူနစ်ပေးတိုင်း ၁ ယူနစ် ပျောက်ဆုံးလျက်ရှိကြောင်း၊ ဓာတ်အားလေလွင့်ပျောက်ဆုံးမှု အနည်းဆုံးဖြစ်စေရန် ရည်မှန်းချက်ထား ဆောင်ရွက်ရန် လိုအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ ခရိုင် လေးခရိုင်နှင့် သာကေတ၊ ဒဂုံ၊ အလုံ၊ အင်းစိန်၊ မရမ်းကုန်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။

 

ထိုသို့တွေ့ဆုံစဉ် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာက ခရိုင်အတွင်း ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ ဓာတ်အားခ ကြွေးကျန်ကျဆင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သာကေတမြို့နယ်အတွင်း တိုင်ပေါ်မှ မီတာများအား တိုင်အောက်သို့ ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် Analog၊ OMR မီတာ ဟောင်းများအား AMI စနစ်သို့ ပြောင်းလဲရန်အတွက် Smart Digital မီတာအသစ်များဖြင့် အစားထိုး လဲလှယ်ပြီးစီးမှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ AMI စနစ် ပြောင်းလဲခြင်းနှင့်အတူ ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ လုပ်ငန်းစနစ်များ ပြောင်းလဲ တိုးတက်အောင် တစ်ပါတည်း ဆောင်ရွက်ရေး၊ လုပ်ငန်းစီမံချက်ပါအတိုင်း သတ်မှတ်ကာလအတွင်း စနစ်တကျပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို အသေးစိတ် မှာကြားပြီး ဆွေးနွေးတင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်