ကိုရွှေမန်း
ငါး၊ ပုစွန် မွေးဧက အများဆုံးခရိုင်
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်သည် လုပ်ငန်းရှင်ဦးရေ ၄၁၀၂ ဦးက ငါး/ပုစွန် မွေးမြူရေး ဧက ပေါင်း ၅၃၀၅၇ ဒသမ ၅၈ ဧက ဆောင်ရွက်ထားရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါး/ ပုစွန် မွေးမြူရေး စုစုပေါင်းဧက ၁၁၈၇၈၀ ဒသမ ၄၁ ဧကရှိပြီး နှစ်စဉ် မွေးမြူရေးငါးထုတ်ကုန် တန်ချိန် ၄၄၅၂၄၄ တန်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၇ ဒသမ ၄ သန်းအတွက် မွေးမြူရေး ငါးရိက္ခာဖူလုံမှုမှာ ၅၄၄ ဒသမ ၇၁ ရာခိုင်နှုန်းရှိသဖြင့် နိုင်ငံအနှံ့အပြားသို့ လည်းကောင်း၊ နိုင်ငံ ခြားဝင်ငွေရရှိရေးအတွက် လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိသည်ကို သိရပါသည်။
မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းအတွက် အလယ်အလတ်အဆင့် မွေးမြူရေးပညာရှင်များ မွေးထုတ်ပေးလျက်ရှိသည့် ငါးလုပ်ငန်းအတတ်သင်သိပ္ပံ တွံတေးကျောင်းကြီးကိုလည်း ဖွင့်လှစ်ထားခြင်းနှင့် တွံတေးမွေးမြူရေးဇုန် တည်ထောင်ထားသည့်အတွက် ကိုရွှေမန်းတို့အဖွဲ့သည် တွံတေး မြို့နယ်သို့ စက်တင်ဘာ ၅ ရက်နေ့တွင် ခရီးထွက်ခွာ ခဲ့ကြပါသည်။ တွံတေးသို့သွားရန် လမ်းကြောင်း နှစ်ခုရှိသည့်အနက် အသစ်တည်ဆောက်ပြီးစီးသည့် ဒလတံတားကြီးမှ ဖြတ်ကျော်ခရီးသွားရန် ရွေးချယ်ခဲ့ပါသည်။
ဒလတံတား
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားသည် မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်း တံတားများ အနက် ရေလမ်းကင်းလွတ်နယ် အမြင့်ဆုံးတံတားဖြစ်ပြီး ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီး လမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်ထားသည့် တံတားဖြစ်ပါသည်။ ရေလယ် တိုင်နှစ်တိုင်ပါဝင်ပြီး ရေလမ်းကင်းလွတ်အမြင့်ပေ ၁၆၀ ၊ အကျယ် ပေ ၉၉၀ ရှိပါသည်။ တံတားအောက်မှ တန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာပင်လယ်ကူး သင်္ဘောကြီးများ၊ ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ပြီး တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ပါသည်။
တံတားအရှည် ၆၁၂၇ ပေ၊ ပင်မတံတားအရှည် ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၈၉၁ ပေ၊ ဒလဘက်ခြမ်းချဉ်းကပ် တံတားအရှည် ၁၉၇၂ ပေ၊ အမြင့် ၄၃၉ ပေ၊ ရေအနက် ၃၉၃ ပေ၊ ယာဉ်လမ်းလေးလမ်းသွား ပါရှိပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွင့်ပွဲကျင်းပခဲ့ပါသည်။ တံတားပေါ်မှ မျှော်ကြည့်ရာတွင် ရန်ကုန်မြစ်အတွင်း သွားလာခုတ်မောင်း နေသည့် စက်တပ်ငှက်သမ္ဗန်လှေလေးများ၊ ငါးဖမ်းသင်္ဘောများ၊ ပင်လယ်ကူးသင်္ဘောကြီးများ၊ ကုန်တင်သင်္ဘောကြီးများ ဝင်/ထွက်သွားလာနေကြပြီး ဆိပ်ကမ်းအသီးသီးရှိ ဆိုက်ကပ်ထားသော ကုန်တင်သင်္ဘောကြီးများနှင့် ကုန်လှောင်ရုံကြီးများသည် ဝန်ချီစက်ကြီးများဖြင့် အသက်ဝင် လှုပ်ရှားလျက်ရှိနေသည်ကို တွေ့မြင်ရပါသည်။
လက်ယာဘက်ယွန်းယွန်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်သွယ်ရာ တွံတေးတူးမြောင်းကြီးကို တွေ့မြင်ရပြီး ယင်းတိုင်းဒေသကြီးနှစ်ခုသည် ယခုအခါ ကုန်းလမ်းခရီးဖြင့် လွယ်လင့်တကူသွားလာနိုင်ပြီဖြစ်သော်လည်း တွံတေးတူးမြောင်းကြီးသည် မူလရေကြောင်းတာဝန်ကို ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း တွေ့ရသည်။ လက်ဝဲဘက်တွင် သံလျက်စွန်းရှိရာအရပ်ကို မှန်းဆ၍ မြင်နိုင်ပေသည်။
တံတားမှ ဆင်းပြီးနောက် စိမ်းစိုသော လယ်ကွင်းပြင်များနှင့် ရေလွှာဖွေးဖွေးငါးကန်များကို ဖြတ်ကျော်ပြီးနောက် တံတွေးမွေးမြူရေးဇုန် ရှိရာသို့ ဆက်လက်ထွက်ခွာခဲ့ကြပါသည်။ ဤ နေရာ၊ ဤဒေသသည် မြေနိမ့်ပိုင်း ရေဝင်ရောက်ရာ လွင်ပြင်များ၊ ဥယျာဉ်ခြံမြေကုန်းတန်းများ ရောယှက်လျက်ရှိသည့်ဒေသဖြစ်သည်ကို သတိ ထားမိသည်။ လွင်ပြင်များတွင် စိမ်းလန်းစိုပြည်သော စပါးခင်းများနှင့် ကုန်းတန်းများတွင် ရော်ဘာခြံများ၊ စနစ်တကျစိုက်ပျိုးထားသည့် ဝါးရုံပင်များ၊ ဒူးရင်းနှင့် ကျွဲကောခြံများကို အစီအရီ တွေ့ရသည်။
တွံတေးမွေးမြူရေးဇုန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တွံတေးမွေးမြူရေးဇုန်လည်းအပါအဝင် ဖြစ်ပါ သည်။ တွံတေးမွေးမြူရေးဇုန်သည် ၅၈၁ ဒသမ ၅၄ ဧကရှိပြီး အပိုင်းသုံးပိုင်း သတ်မှတ်ကာ လုပ်ငန်းရှင် ၉၉ ဦးမှ ဥစားကြက်၊ အသားတိုးကြက်၊ ဒေသနွား၊ နို့စားနွား၊ ဝက်၊ ဆိတ်၊ ငါး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဆက်လက်၍ အဒွန်းကျေးရွာရှိ ဦးမြင့်အေး ၏ ပုဂ္ဂလိကငါးသားဖောက်စခန်းသို့ ဆက်လက် ထွက်ခွာခဲ့ကြပါသည်။
ပုဂ္ဂလိက ငါးသားဖောက်စခန်း
ဦးမြင့်အေးသည် အသက် ၆၀ ခန့်ရှိ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။ ငါးမြစ်ချင်း၊ ငါးခေါင်းပွငါးမျိုး များကို အဓိကအားဖြင့် သားပေါက်ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချကြောင်း၊ တစ်နှစ်ထုတ်လုပ်မှု ငါးမှုန်ကောင်ရေ သိန်း ၂၀၀၀ ထုတ်လုပ်ကြောင်း သိရပါသည်။ ငါးမြစ်ချင်းမျိုးဗီဇမြှင့်တင်ရေး လုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာန သားဖောက်စခန်းများမှ ဆောင်ရွက်၍ မျိုးဗီဇမြှင့်တင်ပြီး မျိုးငါး Breeder များ ဖြန့်ဖြူးပေးပါက အရည်အသွေး ပြည့်မီသည့် ငါးသားပေါက်များ ဖြန့်ဖြူးရေးနှင့် ငါးမြစ်ချင်း မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရှင်းပြပါသည်။ တွံတေးမြို့နယ်တွင် ပုဂ္ဂလိက ငါးသားဖောက်စခန်း သုံးခုရှိကြောင်း သိရပါသည်။ ဆက်လက်၍ ငါး လုပ်ငန်းဦးစီးဌာန တွံတေးငါးလုပ်ငန်းစခန်းသို့ ဆက်လက်ထွက်ခွာခဲ့ကြပါသည်။
တွံတေးငါးလုပ်ငန်းစခန်း
တွံတေးငါးလုပ်ငန်းစခန်းသည် ၇၆ ဧက ကျယ်ဝန်းပြီး ငါးမွေးကန် ၃၈ လုံးဖြင့် ငါးမွေး တောင်သူများသို့ ငါးသားပေါက်များ ဖြန့်ဖြူးရောင်းချပေးနေသည့် ငါးလုပ်ငန်းဦးစီးဌာနပိုင် စခန်းတစ်ခု ဖြစ်ပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း နှစ်လက်မအရွယ် ငါးသားပေါက်ကောင် ရေ ၇၅ သိန်း ထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။ ငါးမျိုးကောင်းမျိုးသန့်များ ရရှိ ရေးအတွက် မျိုးဗီဇမြှင့်တင်ခြင်းလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက် နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရရှိသည့်အပြင် တိုင်းရင်းမျိုးထိန်းသိမ်းခြင်းလုပ်ငန်း အနေဖြင့် ရေချိုပုစွန်တုပ်ကြီးသားပေါက်များ မွေးမြူပြုစုထားသည်ကို တွေ့ရှိရပါသည်။ ၂၀၂၇-၂၀၂၈ လုပ်ငန်းရာသီတွင် မျိုးပုစွန်များအဖြစ် အသုံးပြု သားဖောက်ထုတ်လုပ်သွားမည်ဖြစ်ပြီး ငါးမွေး တောင်သူများသို့ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။
ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းသည် ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူရေးဒီပလိုမာအောင်လက်မှတ် အပ်နှင်းမည့် သိပ္ပံကျောင်း ဖြစ်ပါသည်။ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး သုံးနှစ်သင်တန်းပြီးဆုံးပါက ဒီပလိုမာ အောင်လက်မှတ် ရရှိမည်ဖြစ်သည့်အပြင် သတ်မှတ်အရည်အချင်းပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်တွင် B.Sc (Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့်ရရှိမည် ဖြစ်ပါသည်။
တည်နေရာအကျယ်အဝန်း
ရန်ကုန်မြို့မှ ၂၆ ဒသမ ၉၅၆ ကီလိုမီတာ အကွာအဝေး တွံတေး-မအူပင်ကားလမ်း၊ တွံတေး ခရိုင် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာနှင့် မြဂိုးကျေးရွာအကြားတွင် တည်ရှိပြီး ဧရိယာ ၉၂ ဒသမ ၈၄၆ ဧက ကျယ်ဝန်းရှိပါသည်။ ငါးလုပ်ငန်း သိပ္ပံ(တွံတွေး) တည်ဆောက်ဖွင့်လှစ်ရခြင်းတွင် ရည်ရွယ်ချက် ငါးချက်ရှိသည်။
(က) မြန်မာနိုင်ငံတွင်း ငါး/ပုစွန် မွေးမြူ ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ကျွမ်းကျင်သော အလယ် အလတ်အဆင့် ငါး/ပုစွန်မွေးမြူရေး အတတ်ပညာရှင်များ မွေးထုတ်ပေးရန်။
(ခ) ရေသတ္တဝါမွေးမြူရေး စိတ်ပါဝင်စားသော တက္ကသိုလ်ဝင်တန်းအောင် လူငယ်များအတွက် အဓိကဘာသာရပ် တစ်ခုအဖြစ် စာတွေ့ လက်တွေ့ လေ့လာ ပညာသင်ကြားနိုင်သည့် အခွင့်အလမ်း ရရှိလာနိုင်စေရန်နှင့် ပညာရပ်နှင့် ကိုက်ညီသည့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိလာနိုင်စေရန်။
(ဂ) မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးအတွက် တောင်သူများ၏ အသက် မွေးဝမ်းကျောင်းလုပ်ငန်း အခွင့်အလမ်းသစ်များရရှိ ဖော်ဆောင်နိုင်ရေး အစီ အစဉ်များတွင် အထောက်အကူပြု ပါဝင်ဆောင်ရွက်သွားနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ တိုးမြှင့်ရရှိလာနိုင်စေရန်။
(ဃ) ရေနေပတ်ဝန်းကျင်၊ ရေပြင်ရှိ သက်ရှိအပင်နှင့် သတ္တဝါများ၏ ဇီဝဗေဒနှင့် ဂေဟစနစ်၊ ရေသယံဇာတအရင်းအမြစ်နှင့် ၎င်းတို့၏ ထုတ်လုပ်ခြင်း၊ ရေနေ သက်ရှိများ၏ ဓာတုဓာတ်များပါဝင်မှု နှင့် ၎င်းတို့အား အသုံးပြုခြင်းဆိုင်ရာ အခြေခံပညာရပ်များ နားလည်သိရှိစေရန်။
(င) ရေငန်ငါးလုပ်ငန်း အထောက်အကူဖြစ်စေရန် ရေငန်ပတ်ဝန်းကျင်၊ ရေငန် သက်ရှိများ၏ ဇီဝ၊ ဓာတုပါဝင်မှုများနှင့် ရေငန်သယံဇာတထိန်းသိမ်းရေးပညာရပ်အား လေ့လာသိရှိနိုင်ရန်ဖြစ်သည်။
မွေးမြူရေးလုပ်ငန်းများကို စိတ်အားထက်သန်လာကြ
မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးဧက ၂၅၂၄၁၅ ဒသမ ၄၇၃၊ ပုစွန်မွေးမြူရေးဧက ၂၄၄၂၈၆ ဒသမ ၃၉ နှင့် ကဏန်းမွေးမြူရေးဧက ၂၂၃၃ ဒသမ ၉၄ ရှိပြီး မွေးမြူရေးငါးပုစွန်ထုတ်လုပ်မှုမှာ တန်ချိန် ထောင်ပေါင်း ၁၁၆၇ ဒသမ ၃၅ ဖြစ်ရာ ငါး/ပုစွန် ထုတ်လုပ်မှု စုစုပေါင်း တန်ချိန် ထောင်ပေါင်း ၆၀၇၄ ဒသမ ၈၂ ထုတ်လုပ်မှု၏ ၁၉ ရာခိုင်နှုန်းခန့် ပါဝင်နေကြောင်း သိရသည်။
သို့ရာတွင် အဆိုပါထုတ်လုပ်မှုမှာ ငါး၊ ပုစွန်၊ ကဏန်း မွေးမြူရေး စုစုပေါင်းဧက ၄၉၈၉၃၆ တို့မှ ထုတ်လုပ်ခြင်းဖြစ်ရာ မွေးမြူရေးလုပ်ငန်းများတွင် အဆင့်မြှင့်တင်ဆောင်ရွက်ရန်နှင့် တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးရန် လိုအပ် လျက်ရှိသည့်အတွက် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းကြီးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၃၉ ဦး တက်ရောက်ခဲ့ရာ ၂၈-၂-၂၀၂၆ ရက်နေ့တွင် ပထမအကြိမ် ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါ သည်။ ယခုအခါ ပထမနှစ်သင်တန်းသား ၉၆ ဦး၊ ဒုတိယနှစ်သင်တန်းသား ၄၃ ဦး၊ တတိယနှစ် သင်တန်းသား ၅၉ ဦး ပညာသင်ကြားလျက်ရှိ ကြောင်း သိရပါသည်။
ငါးလုပ်ငန်းသိပ္ပံကျောင်း (တွံတေး)
ယခုအခါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ကြရာတွင် မြေပြင်အခြေခံကိန်း ဂဏန်းအချက်အလက်များကို အခြေခံတွက်ချက်၍ စီမံကိန်းရေးဆွဲကာ ပြည်သူများ သက်သာသော ဈေးနှုန်းများဖြင့် အသား၊ ငါးနှင့် ဥများလုံလောက်စွာ ဝယ်ယူစားသုံးနိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက စီမံတွက်ချက် လျာထားဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။ ဒလတွံတေးနယ်မြေတွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဥယျာဉ်ခြံမြေလုပ်ငန်း များ၊ မွေးမြူရေးဇုန်နှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ပြောင်းလဲရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း သွားရောက်လေ့လာပြီး ဂုဏ်ပြုရေးသားတင်ပြ လိုက်ရပါသည်။ ။


