ပဲခူးတိုင်းဒေသကြီးအတွင်း ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ

ပဲခူး စက်တင်ဘာ ၂၀

 

ပဲခူးတိုင်းဒေသကြီးအတွင်း ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး (Good Aquaculture Practices GAqP) ကျင့်စဉ်နှင့်အညီ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ငါးမွေးမြူရေးကန်များ၌ ကြက် တွဲဖက်ပြီးမွေးမြူခြင်း မရှိစေရေးကိုလည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

 

“ပဲခူးတိုင်းဒေသကြီးအတွင်းက လိုင်စင်မရှိတဲ့ ကြက်ခြံတွေ၊ BAP စနစ်နဲ့ GAqP စနစ် အကောင်အထည်ဖော်နေတဲ့ကြက်ခြံနဲ့ ကျန်တဲ့ကြက်ခြံတွေမှာ ကြက်နဲ့ ငါးကန် တွဲဖက်ပြီး မွေးမြူမှုမရှိအောင် ကြပ်မတ် ဆောင်ရွက်နေတဲ့အပြင် ရှိခဲ့ရင်လည်း ဖျက်သိမ်းဖို့ အသိပေးထားပြီးပါပြီ။ ငါးမွေးတောင်သူနဲ့ ကြက်မွေးတောင်သူတွေ ထဲထဲဝင်ဝင်သိရှိအောင် အသိပညာပေးသင်တန်း (၁၅) ကြိမ် ဆောင်ရွက်ပေး ထားပါတယ်။ ကောင်းမွန်တဲ့ကျင့်စဉ်နဲ့ မွေးမြူထုတ်လုပ်တဲ့ ရေထွက်ကုန်ကို ပြည်တွင်းစားသုံးမှုနဲ့ ပြည်ပပို့ကုန်အဖြစ် ဆက်လက်တင်ပို့နိုင်အောင် သတ်မှတ် စံနှုန်းနဲ့အညီ မွေးမြူထုတ်လုပ်သွားဖို့ မြို့နယ်အလိုက်လည်း ဟန်ချက်ညီညီ ဆောင်ရွက်နေပါတယ်” ဟု ပဲခူး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစုမျိုးသွယ်က ပြောသည်။

 

ငါးမွေးမြူမှုနှင့် ကြက်မွေးမြူရေးကို အဓိကလုပ်ဆောင်နေသည့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူရေး ကန်များအပေါ် ကြက်ခြံများဆောက်၍ ငါးနှင့် ကြက်တွဲဖက်မွေးမြူမှုကို တားမြစ်ထားပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့ရှိ ငါးမွေးမြူရေးလုပ်ငန်းတည်ရှိရာ ဒေသများတွင်လည်း ထိုသို့မွေးမြူထုတ်လုပ်ခြင်း မပြုရန် တားမြစ်ထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

 

ငါးမွေးမြူရေးကန်များအတွင်း ကြက်ခြံများ တည်ဆောက်၍ တွဲဖက်မွေးမြူမှု မပြုရန်၊ အခြားတိရစ္ဆာန်များနှင့်လည်း တွဲဖက်မွေးမြူခြင်း မပြုရန်၊ ငါးကန်ပေါ်၌ ကြက်ခြံအသစ်များ တည်ဆောင်ခြင်း မပြုရန်နှင့် တည်ရှိပြီးသည့် ကြက်ခြံ အဟောင်းများကိုလည်း ပြန်လည်ပြုပြင် ခြင်းမပြုရန် အသိပေးထားပြီး ငါးမွေး တောင်သူများ မွေးမြူရေးလုပ်ငန်း အဆင်ပြေချောမွေ့စေရန်နှင့် ကောင်းမွန် သောကျင့်စဉ်နှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာ ဒေသအလိုက် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်း၊ အင်းလုပ်ငန်းနှင့် ဘုံငါးဖမ်း လုပ်ငန်းတို့မှ နှစ်စဉ်ရေထွက်ကုန်များ မွေးမြူထုတ်လုပ်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၌ ‌ရေထွက်ကုန်ပိဿာချိန် ထောင်ပေါင်း ၃၀၆၄၆၆ ဒသမ ၄၇၈ ထုတ်လုပ်ရန် ရည်မှန်းဆောင်ရွက်လျက် ရှိသည်။

 

ပြည်ပသို့ ရေချိုငါးများတင်ပို့ရာတွင် အကောင်းဆုံး ငါးမွေးမြူရေးကျင့်စဉ် (Best Aquaculture Practices – BAP)နှင့် သန့်ရှင်းကောင်းမွန်သော (Good Aquaculture Practices GAqP) ကျင့်စဉ် တို့မှ မွေးမြူထုတ်လုပ်သည့် ရေထွက်ကုန်များကို ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိပြီး သန့်ရှင်းလတ်ဆတ်မှုနှင့် အရည်အသွေး ကောင်းမွန်မှုကြောင့် ခိုင်မာသော ဈေးကွက်ရရှိထားကြောင်း သိရသည်။

 

 သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်