အမေရိကန်နှင့် ဒေသတွင်းအပေါင်းပါနိုင်ငံများက အမှားတစ်စုံတစ်ရာကျူးလွန်ပါက ပြင်းထန်သည့် တိုက်ခိုက်မှုများနှင့်တုံ့ပြန်မည်ဟု အီရန်သတိပေးပြောကြား

တီဟီရန်   စက်တင်ဘာ   ၂၀

အမေရိကန်နှင့်အရှေ့အလယ်ပိုင်း ဒေသတွင်းအပေါင်းပါနိုင်ငံများက အမှားတစ်စုံတစ်ရာ ကျူးလွန်ခဲ့ပါက ၎င်းတို့အား ပြင်းထန်သည့် တိုက်ခိုက်မှုများနှင့် တုံ့ပြန်မည်ဟု အီရန် ကာတန် အယ်လ်အာရေဗျ စစ်ဌာနချုပ်က   စက်တင်ဘာ ၂၀ ရက်တွင် သတိပေးပြောကြားသည်။  ဥရောပဒေသတွင် မကြာမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အီရန်အပေါ် အရေးယူမှုများပြန်လည်ဆောင်ရွက်ရန် အမေရိကန်က ဆုံးဖြတ်ခဲ့ကာ ၎င်းဆုံးဖြတ်ချက်အတွက်  ဒေသတွင်းနိုင်ငံများ၏ ထောက်ခံမှုရရှိခဲ့သည်ဟု အီရန်နိုင်ငံက သတင်းရရှိခဲ့ကြောင်း ၎င်းစစ်ဌာနချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန် အနေဖြင့် အီရန်အပေါ်တွင် အမှားတစ်စုံတစ်ရာ ကျူးလွန်ခဲ့ပါက ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများနှင့် အမေရိကန်၏ အကျိုးစီးပွားများကို အကန့်အသတ်မရှိသော ပြင်းထန်သည့်တိုက်ခိုက်မှုများကို ဆောင်ရွက်မည်ဟု ၎င်းစစ်ဌာနချုပ်က သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ဒေသတွင်းနိုင်ငံများအနေဖြင့် အီရန်အပေါ် မမျှတသည့် မူဝါဒထားရှိပြီး အမေရိကန်၏ ကျူးကျော်တိုက်ခိုက်မှုများတွင် ပူးပေါင်းဆောင်ရွက်ပါက ၎င်းတို့အား အီရန်တပ်ဖွဲ့များက ငဲ့ညာမည်မဟုတ်ကြောင်း  ၎င်းစစ်ဌာနချုပ်က  ပြောကြားသည်။            

ဆင်ဟွာ