ဉာဏ်သစ် (မန်းတက္ကသိုလ်)
ကျောင်းကောင်းတစ်ကျောင်း၏ အခြေခံစံနှုန်း
ကျောင်းတစ်ကျောင်း၏ အရည်အသွေးကို စာသင်ခန်း၊ သင်ရိုးညွှန်းတမ်းနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးများဖြင့်သာတိုင်းတာ၍ မရနိုင်ပါ။ ကျောင်းသားများ နေ့စဉ်သင်ယူနေသည့် ပတ်ဝန်း ကျင်သည် သန့်ရှင်း၊ လုံခြုံ၊ ကျန်းမာပြီး လူ့ဂုဏ်သိက္ခာကို လေးစားသောနေရာဖြစ် မဖြစ်သည်လည်း အရေးကြီးသည်။
ထိုအခြေအနေတွင် ရေ၊ အိမ်သာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး - Water, Sanitation and Hyg- iene (WASH) သည် ပညာရေးကဏ္ဍ၏ အပြင်ဘက်တွင်ရှိသော ကျန်းမာရေးလုပ်ငန်းတစ်ခု မဟုတ်ဘဲ ကျောင်းသားများ သင်ယူနိုင်ရေးအတွက် အခြေခံအဆောက်အအုံတစ်ရပ်ဖြစ်လာသည်။ UNICEF နှင့် WHO ၏ ၂၀၂၄ ခုနှစ် WASH in Schools အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ တစ်ဝန်းရှိကျောင်းများ၏ ၂၃ ရာခိုင်နှုန်းတွင် အခြေခံသောက်သုံးရေဝန်ဆောင်မှု မရှိသေးသကဲ့သို့ ၂၂ ရာခိုင်နှုန်းတွင် အခြေခံအိမ်သာဝန်ဆောင်မှုနှင့် ၃၃ ရာခိုင်နှုန်းတွင် အခြေခံလက်ဆေးသန့်ရှင်း ရေးဝန်ဆောင်မှုမပြည့်မီသေးပါ။ ထို့ကြောင့် ကလေးသန်းပေါင်းများစွာ၏ ကျန်းမာရေးနှင့် သင်ယူမှုသည် ကျောင်းပတ်ဝန်းကျင်ရှိ WASH အခြေအနေများနှင့် ဆက်စပ်နေဆဲဖြစ်သည်။
အိမ်သာတစ်လုံးသည် အဆောက်အအုံငယ် တစ်ခုသာ ဖြစ်နိုင်သော်လည်း ယင်း၏နောက်ကွယ်တွင် ကျန်းမာရေး၊ အာဟာရ၊ ကျောင်းတက်ရောက်မှု၊ လူ့ဂုဏ်သိက္ခာ၊ ကျား/မ တန်းတူညီမျှမှုနှင့် ပညာ ရေးအရည်အသွေးတို့ ရှိနေသည်။ ထို့ကြောင့် “ကျောင်းအိမ်သာ” ကို ကျောင်းအဆောက်အအုံ၏ နောက်ဘက်ထောင့်တွင် ထားရှိရမည့်အရာတစ်ခု အဖြစ်သာမဟုတ်ဘဲ ကျောင်းအရည်အသွေး၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ်မြင်ရန် လိုအပ်သည်။
ရောဂါကာကွယ်ရေးမှ အာဟာရဖွံ့ဖြိုးရေးအထိ
မသန့်ရှင်းသော အိမ်သာ၊ ညစ်ညမ်းသောရေ၊ ဆပ်ပြာမရှိသော လက်ဆေးနေရာနှင့် စနစ်တကျ စီမံမထားသော အညစ်အကြေးများသည် ကူးစက်ရောဂါများပျံ့နှံ့ရန် အခွင့်အလမ်းကို မြင့်တက်စေ သည်။ အထူးသဖြင့် မစင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများသည် ရေ၊ အစားအစာ၊ လက်နှင့် ပတ်ဝန်းကျင်မှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သည်။
WHO ၏ အချက်အလက်များအရ ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကလေးများ၏ အာဟာရ အခြေအနေကို ထိခိုက်စေနိုင်သည်။ ဝမ်းပျက်ဝမ်းလျှောဖြစ်စဉ် တစ်ခုစီသည် ခန္ဓာကိုယ်မှ ရေနှင့် ဓာတ်ဆားများ ဆုံးရှုံးစေသည့်အပြင် အာဟာရအခြေအနေကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် ရောဂါနှင့် အာဟာရချို့တဲ့မှုသည် အပြန်အလှန် ဆက်စပ်နေသော စက်ဝန်းတစ်ခု ဖြစ်လာနိုင်သည်။
ထို့ကြောင့် ကျောင်းအာဟာရအစီအစဉ်တစ်ခု အောင်မြင်ရန် အာဟာရရှိသော အစားအစာပေးရုံနှင့် မလုံလောက်ပါ။ ကလေးစားသုံးသည့်အစားအစာမှ အာဟာရဓာတ်များကို ကောင်းစွာအသုံးချနိုင်ရန် ကျန်းမာရေးနှင့် သန့်ရှင်းရေးပတ်ဝန်းကျင်ကောင်းလည်း လိုအပ်သည်။ အာဟာရကောင်းမွန်သော အစားအစာနှင့် သန့်ရှင်းသောပတ်ဝန်းကျင်သည် တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပေးရမည့် အခြေခံနှစ်ရပ် ဖြစ်သည်။
သန့်ရှင်းသောအိမ်သာသည် သင်ယူမှုအတွက်လည်း အရေးကြီးသည်
ကလေးတစ်ဦးသည် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း သို့မဟုတ် ကျောင်းအိမ်သာကို အသုံးပြုရန် မလုံခြုံဟု ခံစားနေရပါက စာသင်ခန်းအတွင်း သင်ခန်းစာကို အပြည့်အဝ အာရုံစိုက်နိုင်ရန် ခက်ခဲမည်ဖြစ်သည်။
UNICEF ကလည်း ကျောင်းတွင် သန့်ရှင်းသော ရေ၊ အိမ်သာနှင့် ဆပ်ပြာရရှိခြင်းသည် ကျန်းမာသော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး ကလေးများ၏ကျန်းမာရေး၊ သင်ယူမှုနှင့် လူ့ဂုဏ် သိက္ခာတို့ကို အထောက်အကူပြုကြောင်း ဖော်ပြထားသည်။ ထို့အပြင်ကျောင်းတွင် သင်ကြားပေးသော လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများသည် အိမ်နှင့်ရပ်ရွာသို့ပါ ပြန်လည်သက်ရောက်နိုင်သည်။
ထို့ကြောင့် WASH သည် “အိမ်သာဆောက်ခြင်း” သက်သက်မဟုတ်ပါ။ “သန့် ရှင်းသော အလေ့အထ ကို သင်ကြားခြင်း၊ လက်တွေ့ကျင့်သုံးစေခြင်းနှင့် နေ့စဉ်ကျောင်းဘဝ၏ အစိတ်အပိုင်းအဖြစ် ထည့်သွင်းခြင်း” ဖြစ်သည်။
မိန်းကလေးများအတွက် အိမ်သာသည် ဂုဏ်သိက္ခာနှင့် ပညာသင်ယူခွင့်ဖြစ်သည်
ကျောင်းအိမ်သာ၏အရေးပါမှုကို ဆွေးနွေးရာတွင် မိန်းကလေးများ၏ လိုအပ်ချက်ကို အထူး အလေးထားရန် လိုအပ်သည်။ ကျား/မ သီးခြား မဟုတ်သော၊ ကိုယ်ရေးကိုယ်တာလုံခြုံမှုမရှိသော သို့မဟုတ် ရေမရရှိသော အိမ်သာများသည် အထူးသဖြင့် ရာသီလာချိန်တွင် မိန်းကလေးများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် လက်တွေ့ပိုင်းဆိုင်ရာ အခက်အခဲများ ဖြစ်စေနိုင်သည်။
WHO နှင့် UNICEF ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ကမ္ဘာတစ်ဝန်းရှိ ကျောင်းများ၏ ၃၉ ရာခိုင်နှုန်း သာ ရာသီကျန်းမာရေးဆိုင်ရာ ပညာပေးမှုများပေး နိုင်ကြောင်းနှင့် မိန်းကလေးများ၏ အိမ်သာများတွင် ရာသီသုံးပစ္စည်းစွန့်ပစ်ရန် အမှိုက်ပုံးရှိသည့် ကျောင်းမှာ ၃၁ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြ ထားသည်။
ထို့ကြောင့် မိန်းကလေးများအတွက် ကျောင်းအိမ်သာကောင်းတစ်ခုဆိုသည်မှာ တံခါးနှင့်နံရံရှိ ရုံဖြင့်မပြည့်စုံပါ။ သီးခြားဖြစ်ခြင်း၊ လုံခြုံခြင်း၊ ရေရရှိခြင်း၊ ဆပ်ပြာရှိခြင်း၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ရှိခြင်းနှင့် ရာသီကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက်ရရှိခြင်းတို့ ပါဝင်မှသာ မိန်းကလေးများ၏ ဂုဏ်သိက္ခာနှင့် ပညာသင်ယူခွင့်ကို အမှန်တကယ် ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
မသန်စွမ်းကလေးများကို မချန်ထားသော WASH
ကျောင်းအိမ်သာများ တည်ဆောက်ရာတွင် “အများစုအတွက် အဆင်ပြေခြင်း” တစ်ခုတည်းကို စံမထားသင့်ပါ။ မသန်စွမ်းကျောင်းသားများအတွက်လည်း လွယ်ကူစွာ ဝင်ထွက်အသုံးပြုနိုင်သော ဒီဇိုင်းများ၊ သင့်လျော်သောအမြင့်နှင့် လက်ကိုင်များ၊ လုံခြုံသော လမ်းကြောင်းများနှင့် လိုအပ်သည့် အထောက်အကူပြုစနစ်များ ထည့်သွင်းစဉ်းစားရမည်။
WHO နှင့် UNICEF တို့ကလည်း disability-accessible WASH ကို အားလုံးပါဝင်နိုင်သော ပညာရေးအတွက် အရေးကြီးသည့် အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသည်။ သို့သော် နိုင်ငံအများအပြားတွင် မသန်စွမ်းသူများအတွက် WASH ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များကို လုံလောက်စွာ တိုင်းတာမှတ်တမ်းတင်နိုင်ခြင်း မရှိသေးကြောင်းလည်း တွေ့ရသည်။
ထို့ကြောင့် “No Child Left Behind” ဆိုသည့် အခြေခံသဘောတရားသည် ကျောင်းအိမ်သာဒီဇိုင်း တွင်လည်း အကောင်အထည်ဖော်ရမည်ဖြစ်သည်။
အာဆီယံဒေသမှ သင်ယူနိုင်သည့် အတွေ့အကြုံ
အာရှဒေသတွင် WASH ကို ကျောင်းကျန်းမာရေးနှင့် ပညာရေးတိုးတက်မှုတို့နှင့် ပေါင်းစပ်ဆောင်ရွက် သည့် အတွေ့အကြုံများ ရှိနေပြီဖြစ်သည်။ GIZ နှင့် SEAMEO INNOTECH တို့နှင့် ပူးပေါင်းဆောင်ရွက် သည့် Fit for School အစီအစဉ်သည် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအိုနှင့် ဖိလစ်ပိုင်တို့အပါအဝင် အာရှနိုင်ငံများတွင် ကျောင်းသားများ၏ ကျန်းမာရေးနှင့် သင်ယူမှုပတ်ဝန်းကျင် တိုးတက်စေရန် WASH ကို အကြီးစားအကောင်အထည်ဖော်နိုင်ရေး အထောက်အပံ့ပြုခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ WASH in Schools (WinS) အစီအစဉ်သည် အထူးသဖြင့် သင်ခန်းစာယူစရာ ကောင်းသည်။ ၂၀၁၆ ခုနှစ်တွင် ချမှတ်ခဲ့သော မူဝါဒသည် ရေ၊ အိမ်သာ၊ လက်ဆေးခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ အစားအစာသန့်ရှင်းရေး၊ ရာသီသန့် ရှင်းရေး၊ သန်ချဆေးနှင့် ကျန်းမာရေး ပညာပေး ခြင်းတို့ကို ပေါင်းစပ်ထားသည်။ ထို့အပြင် Three-Star Approach ဖြင့် ကျောင်းတစ်ကျောင်းချင်းစီ၏ လက်ရှိအခြေအနေကို တိုင်းတာပြီး တစ်ဆင့်ချင်းစီ အမျိုးသားစံနှုန်းသို့ တိုးတက်လာစေရန် စီမံထား သည်။
ဤစနစ်၏ အရေးကြီးဆုံးသင်ခန်းစာမှာ “တစ်ကြိမ်တည်း အဆောက်အအုံ တည်ဆောက်ပြီး ပြီးဆုံးခြင်း” မဟုတ်ဘဲ “တိုင်းတာခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် စဉ်ဆက်မပြတ် တိုးတက်စေ ခြင်း” ဖြစ်သည်။ ဖိလစ်ပိုင်၏ WinS စောင့်ကြည့် လေ့လာမှုများတွင်လည်း အချိန်နှင့်အမျှ တိုးတက် မှုများကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဥပမာ ၂၀၁၇– ၂၀၁၈ မှ ၂၀၁၉–၂၀၂၀ ပညာသင်နှစ်များအတွင်း အမျိုးသားစံနှုန်းနှင့် ကိုက်ညီသော ကျောင်းများ၏ အချိုးအစားသည် ၉ ရာခိုင်နှုန်းမှ၂၆ ဒသမ ၅ ရာခိုင် နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ဖိလစ်ပိုင်ပညာရေးဌာနက ဖော်ပြထားသည်။
ထိုအတွေ့အကြုံက မြန်မာနိုင်ငံအတွက်လည်း အရေးကြီးသော သင်ခန်းစာတစ်ရပ်ဖြစ်ပေသည်။ အဆောက်အအုံအရေအတွက်ကိုသာ မတိုင်းတာဘဲ အသုံးပြုနိုင်မှု၊ သန့်ရှင်းမှု၊ ရေရရှိမှု၊ ဆပ်ပြာရရှိမှု၊ ကျား/မ သီးခြားဖြစ်မှု၊ မသန်စွမ်းသူများ အသုံးပြုနိုင်မှုနှင့် ပုံမှန်ထိန်းသိမ်းမှုကိုပါ တိုင်းတာရန် လိုအပ် သည်။
မြန်မာနိုင်ငံ၏ အခြေအနေ - အောင်မြင်မှုနှင့် လိုအပ်ချက်များကို တစ်ပြိုင်နက်မြင်ရန်
မြန်မာနိုင်ငံတွင်လည်း WASH in Schools ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၏ ပံ့ပိုးမှုများရှိသည်။ ကျောင်းများတွင် ရေ၊ သက်သောင့်သက်သာ အသုံးပြုနိုင်သော အိမ်သာနှင့် လက်ဆေးနေရာများရရှိလာခြင်းကြောင့် ကျောင်းသား ကျောင်းသူများ၏ နေ့စဉ် ဘဝအပေါ် အကျိုးရှိစေခဲ့သည့် အတွေ့အကြုံများကို ဖော်ပြထားသည်။
မြန်မာ့ကျောင်းများအတွက် လက်တွေ့ကျသော ဦးတည်ချက်များ
ရှေ့ဆက်ဆောင်ရွက်ရာတွင် “ကျောင်းအိမ်သာများ ပိုမိုဆောက်လုပ်ရန်” ဆိုသည့် ရည်မှန်းချက် တစ်ခုတည်းထက် ပိုမိုကျယ်ပြန့်သော School WASH Quality Framework တစ်ရပ်ကို အခြေခံ၍ ဆောင်ရွက်သင့်သည်။
ပထမအနေဖြင့် ရေကို အခြေခံရမည်။ သောက်သုံးရန်နှင့် လက်ဆေးရန် လုံလောက်သော ရေကို ရာသီမရွေး ရရှိနိုင်ရေး စီမံရမည်။
ဒုတိယအနေဖြင့် အသုံးပြုနိုင်ပြီး သန့်ရှင်းသော အိမ်သာဖြစ်ရမည်။ ဆောက်လုပ်ပြီးနောက် ပျက်စီး နေခြင်း၊ ရေမရှိခြင်း သို့မဟုတ် သော့ခတ်ထားခြင်းမျိုး မဖြစ်သင့်ပါ။
တတိယအနေဖြင့် ဆပ်ပြာနှင့် လက်ဆေးခြင်းကို နေ့စဉ်ကျောင်းလုပ်ငန်းစဉ်၏ အစိတ်အပိုင်း အဖြစ် ထည့်သွင်းရမည်။
စတုတ္ထအနေဖြင့် ကျား/မ သီးခြား၊ လုံခြုံပြီး ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ရှိသော အိမ်သာ ဖြစ်ရမည်။
ပဉ္စမအနေဖြင့် မသန်စွမ်းကလေးများအတွက် လက်လှမ်းမီအသုံးပြုနိုင်သော ဒီဇိုင်းဖြစ်ရမည်။
ဆဋ္ဌမအနေဖြင့် အိမ်သာသန့်ရှင်းရေးနှင့် ထိန်းသိမ်းရေးအတွက် တာဝန်ရှိသူ၊ ဘတ်ဂျက်နှင့် ပုံမှန်စောင့်ကြည့်မှုရှိရမည်။
သတ္တမအနေဖြင့် ကျောင်းသားများကိုယ်တိုင် ပါဝင်ရမည်။ လက်ဆေးခြင်း၊ အိမ်သာကို စနစ် တကျအသုံးပြုခြင်း၊ အမှိုက်စီမံခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို စာသင်ခန်းထဲတွင် သင်ယူရုံသာ မက နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးစေရမည်။
အရေးကြီးဆုံးအချက်မှာ “Build – Use – Maintain – Monitor – Improve” ဆိုသည့် စက်ဝိုင်း ကို ကျောင်းတိုင်းတွင်တည်ဆောက်ရန်ဖြစ်သည်။ ဆောက်လုပ်ခြင်းသည် အစဖြစ်ပြီး ထိန်းသိမ်းအသုံးပြုခြင်းနှင့် အရည်အသွေးတိုးတက်အောင် ပြုလုပ်ခြင်းကသာ ရေရှည်အောင်မြင်မှုဖြစ်စေမည်။
ကျောင်း၊ မိဘနှင့် ရပ်ရွာ - တစ်နေရာတည်းတွင်ပေါင်းစည်းရမည့်အင်အား
ကျောင်းများ၏ WASH Programme သည် ပညာရေးဝန်ကြီးဌာန သို့မဟုတ် ကျောင်းတစ် ကျောင်း၏ တာဝန်တစ်ခုတည်းမဟုတ်ပါ။ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက စီမံခန့်ခွဲ ရမည်။ ကျောင်းသားများက လက်တွေ့ကျင့်သုံးရမည်။ မိဘများက အိမ်တွင် ဆက်လက်အားပေးရမည်။ ရပ်ရွာက ထိန်းသိမ်းစောင့်ရှောက်မှုတွင် ပါဝင်ရမည်။ သက်ဆိုင်ရာ ကျန်းမာရေးနှင့် စည်ပင် သာယာရေးကဏ္ဍများက နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးရမည်။
ထို့အပြင် အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပုဂ္ဂလိကကဏ္ဍတို့သည် အဆောက်အအုံ တည်ဆောက်ပေးခြင်းထက် ရေရှည်ထိန်းသိမ်းနိုင်သည့်စနစ်တစ်ခု တည်ဆောက် ပေးခြင်းကို ပိုမိုအာရုံစိုက်သင့်သည်။
ကျောင်းတစ်ကျောင်းတွင် အိမ်သာအသစ်တစ်လုံး တည်ဆောက်ပေးခြင်းသည် ကောင်းမွန် သော လုပ်ဆောင်ချက်ဖြစ်သော်လည်း ထိုအိမ်သာကို ငါးနှစ်၊ ၁၀ နှစ်အကြာတွင်လည်း သန့်ရှင်းစွာ အသုံးပြုနိုင်ရန် စီမံနိုင်ခြင်းက ပို၍အရေးကြီးသည်။
အိမ်သာတစ်လုံး၏ တံခါးနောက်ကွယ်တွင် အနာဂတ်တစ်ခုရှိသည်
ကျောင်းအိမ်သာကို သေးငယ်သော အဆောက်အအုံတစ်ခုအဖြစ်သာမြင်လျှင် ယင်း၏တန်ဖိုးကို လျှော့တွက်မိနိုင်သည်။ အမှန်တကယ်တွင် သန့်ရှင်းသော အိမ်သာတစ်ခုသည် ရောဂါကာကွယ် ပေးနိုင်သည်။ လက်ဆေးရန်နေရာတစ်ခုသည် ကူးစက်ရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ လုံလောက်သောရေသည် ကျောင်းသားများ၏ ကျန်းမာရေးနှင့် သင်ယူမှုကို အထောက် အကူပြုနိုင်သည်။ လုံခြုံပြီးသီးခြားအိမ်သာ တစ်ခုသည် မိန်းကလေးတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ပညာသင်ယူခွင့်ကို ကာကွယ်ပေးနိုင်သည်။
ထို့ကြောင့် WASH သည် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုမဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ယနေ့ ကျောင်းသားတစ်ဦး၏ ကျန်းမာရေးကို ကာကွယ် ပေးခြင်းသည် မနက်ဖြန် နိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်ကို ကာကွယ်ပေးခြင်းပင်ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်အထိ ကျောင်းများ၏ အခြေခံ WASH ဝန်ဆောင်မှုများ မပြည့် မီသေးသည့် အခြေအနေများ ရှိနေဆဲဖြစ်ပြီး ၂၀၃၀ အမီ လူတိုင်းအတွက် အခြေခံ WASH ဝန်ဆောင်မှု ရရှိရေးသည် လက်ရှိတိုးတက်နှုန်းထက် ပိုမိုမြန်ဆန်သော ကြိုးပမ်းမှုများလိုအပ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းနှင့် နိုင်ငံတကာအတွေ့အကြုံများကို လေ့လာကာ မိမိတို့၏ လူမှုစီးပွားအခြေအနေ၊ ရာသီဥတု၊ ပထဝီ အနေအထားနှင့် ကျောင်းအသီးသီး၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ဖြေရှင်းနည်းများကို ဖော်ဆောင်သင့်သည်။
နောက်ဆုံးတွင် အရေးကြီးဆုံးအချက်မှာ—
ကလေးတစ်ဦးသည် သန့်ရှင်းသောအိမ်သာကို အသုံးပြုခွင့်ရှိခြင်း၊ သန့်ရှင်းသောရေကို သောက်သုံးခွင့်ရှိခြင်းနှင့် ဆပ်ပြာဖြင့် လက်ဆေး ခွင့်ရှိခြင်းတို့သည် အထူးအခွင့်အရေးများ မဟုတ်ပါ။ ကျန်းမာစွာ ရှင်သန်ရန်၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ရန်နှင့် အပြည့်အဝ ပညာသင်ယူရန် လိုအပ်သော အခြေခံအခြေအနေများ ဖြစ်သည်။
“သန့်ရှင်းသောကျောင်း - ကျန်းမာသောကလေး - အာဟာရပြည့်ဝသောမျိုးဆက်-ပိုမို ကောင်းမွန်သောအနာဂတ်” ဟူသော ဆက်စပ်မှုကို နားလည်ပြီး ကျောင်းတိုင်းတွင် WASH ကို ဦးစား ပေးအကောင်အထည်ဖော်နိုင်ပါက ကျောင်းအိမ်သာ တစ်လုံး၏ တန်ဖိုးသည် အဆောက်အအုံတစ်ခု၏ တန်ဖိုးထက် များစွာပိုမိုမြင့်မားလာမည်ဖြစ်သည်။
“အိမ်သာသည် အဆောက်အအုံတစ်ခုသာ မဟုတ်ပါ။ ကလေးတိုင်း၏ ကျန်းမာရေး၊ ဂုဏ်သိက္ခာနှင့် ပညာသင်ယူခွင့်ကို ကာကွယ်ပေးသည့် အနာဂတ်၏ အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်ပါသည်။”


