နေပြည်တော် စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူ မဟာနာယက၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိ ပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရ သိရီပဝရဓမ္မာစရိယ ဘဒ္ဒန္တဇနကာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၉)နှစ်၊ သိက္ခာတော်(၇၉)ဝါ သည် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် (စနေနေ့)၊ နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
ဆရာတော် ဘုရားကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်၌ ပူဇော်ထားရှိရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ ရိပ်သာကျောင်းတိုက် ပဓာန နာယက ဆရာတော်ဘုရားကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား ဖူးမြော် ကြည်ညိုကြသည်။ ယင်းနောက် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယကဆရာတော်ကြီး ဥူးသောဘိတာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများအား ဖူမြော်ကြည်ညိုသည်။
ထို့နောက် ဗဟန်းမြို့နယ် တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း တိုက်အုပ်ဆရာတော် ဥူးသီရိ ကစ္စနက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကျင်းပ ပြုလုပ်မည့် အစီအစဉ်လျာထားမှုကို ရှင်းလင်းမိန့်ကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ က လျှောက်ထားရာတွင် ယခုကဲ့သို့ ပြည်တွင်း၊ ပြည်ပ သာသနာပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံ သာသနာ့တာဝန်များ ဆောင်ရွက်လျက်ရှိသည့် သာသနာ့ အာဇာနည် ဆရာတော်ကြီးတစ်ပါး ဆုံးရှုံးရခြင်းကြောင့် နိုင်ငံတော်နှင့် ဗုဒ္ဓသာသနာတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုပင်ဖြစ်ပြီး မိမိတို့အနေဖြင့် များစွာဝမ်းနည်း ရပါကြောင်း၊ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပူဇော်သွားနိုင်ရေး စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား လာရောက် ဖူးမြော် ကြည်ညိုကြမည့် ပြည်တွင်း၊ ပြည်ပမှ ရဟန်းသံဃာများ၊ ဒါယကာ ဒါယိကာမများနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ရေးနှင့် ဆွမ်း၊ ကွမ်း ဝေယျာဝစ္စနှင့် စားသောက် တည်းခိုနေထိုင်မှုများ အဆင်ပြေစေရေး စနစ်တကျစီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတု ပူပြင်းပြီး မိုးရွာသွန်းမှုများလည်း ရှိနေသေးသဖြင့် လာရောက်သည့် ဆရာတော်၊ သံဃာတော်များ အဆင်ပြေချောမွေ့စွာ သီတင်းသုံး နိုင်ရေးနှင့် ဒါယကာ ဒါယိကာမများ အဆင်ပြေစွာ နေထိုင်ဖူးမြော် နိုင်ရေးတို့အတွက် ကျောင်းတိုက်အတွင်း အရိပ်အာဝါသများရရှိအောင် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကို ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ကော်မတီများ စနစ်တကျဖွဲ့စည်း၍ တာဝန်များ ခွဲဝေ ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်းနှင့် အခြားသာသနာ တော် ထွန်းကားပြန့်ပွားရေး ဆိုင်ရာနှင့်ပတ်သက်၍ ဆွေးနွေး လျှောက်ထားတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ က ဆရာတော်ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပန ပူဇာသဘင်အခမ်း အနားကို ခမ်းခမ်းနားနားဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လိုအပ်သည်များ ဝိုင်းဝန်း ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့အား လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀၀ ကို ပေးအပ်လှူဒါန်းရာ ချမ်းမြေ့ရိပ်သာကျောင်း ဝေယျာဝစ္စ အဖွဲ့ဥက္ကဋ္ဌ ဦးစောလှိုင်က လက်ခံရယူ၍ နိုင်ငံတော်သမ္မတထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့က ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယကဆရာတော်ကြီး ဥူးသောဘိတာ ဘိဝံသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ ရိပ်သာကျောင်းတိုက် ပဓာန နာယက ဆရာတော်ကြီး ရေးသားပြုစုပူဇော်ခဲ့သည့် ဗုဒ္ဓဓမ္မ စာပေကျမ်းဂန်များကို ဓမ္မ လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘုရားကြီး၏ ဥတုဇရုပ်ကလာပ် တော်အား ဖူးမြော်ကြည်ညိုကြပြီး ဆရာတော်ကြီး ရေးသားပြုစု ပူဇော်ခဲ့သည့် ဗုဒ္ဓဓမ္မ စာပေ ကျမ်းဂန်များအား ကြည့်ရှုပူဇော် ကြသည်။
အဆိုပါ ချမ်းမြေ့ရိပ်သာ ဆရာတော်ဘုရားကြီး အလောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ် ဝါခေါင်လဆန်း ၈ ရက် (အင်္ဂါနေ့) တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပျဉ်းမ ကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှ ဖွားမြင် တော်မူခဲ့ကြောင်း၊ ၁၃၀၅ ခုနှစ် တန်ခူးလဆန်း ၅ ရက်နေ့တွင် တောင်တွင်းကြီးမြို့ တောရဗိမာန် ကျောင်းဆရာတော် ဘဒ္ဒန္တ မာလာဝံသကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့ တောရ ဗိမာန်ကျောင်းတိုက် ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈာယ် ပြု၍ တောင်တွင်းကြီးမြို့ ရွှေအိုး ရပ် ကုန်သည်ကြီး ဦးစိန်ညို+ ဒေါ်လှနှစ်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်း အဖြစ်သို့ ရောက်ရှိတော်မူခဲ့ခြင်း ဖြစ်ကြောင်း။
ဆရာတော် လောင်းလျာသည် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ တောရဗိမာန် ကျောင်းဆရာတော် ဘဒ္ဒန္တ မာလဝံသ၊ မန္တလေးမြို့ ဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင်ဆရာတော် ဘဒ္ဒန္တကောသလ္လ၊ ပိုက်ကျုံး ဆရာတော် ဘဒ္ဒန္တဇာနေယျဗုဒ္ဓိ၊ အသောကာရုံ ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏဇောတိ၊ ဗာရာဏသီ ဆရာတော် ဘဒ္ဒန္တအာနန္ဒပဏ္ဍိတ၊ သံတော်ဆင့်ဆရာတော် ဘဒ္ဒန္တ ဝါသဝ၊ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ စသောဆရာတော်ကြီးများထံတွင် ပရိယတ္တိစာပေများကို သင်ယူ ဆည်းပူးတော်မူခဲ့ပြီး “ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယဘွဲ့၊ သာသနာဓဇသိရီပဝရ ဓမ္မာစရိယ ဘွဲ့” တို့ကို ရရှိတော်မူခဲ့ကြောင်း။
ဆရာတော် ဘုရားကြီးသည် မန္တလေးမြို မဟာဝိသုဒ္ဓါရုံ တိုက်သစ် တောင်တွင်းကြီးမြို့ တောရဗိမာန် စာသင်တိုက်တို့၌ စာသင်သား ရဟန်း၊ သာမဏေများကို ပရိယတ္တိစာပေကျမ်းဂန်များ သင်ကြားပို့ချပေးတော်မူခဲ့ ခြင်း၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီး၌ ပါဠိပဋိ သောဓကအဖြစ် ဆောင်ရွက် တော်မူခဲ့ခြင်း၊ ချမ်းမြေ့ရိပ်သာ ကျောင်းတိုက် တည်ထောင်၍ တရားဟော တရားပြ ကမ္မဋ္ဌာနာ စရိယတာဝန်များ ဆောင်ရွက်တော်မူခဲ့ခြင်း၊ မြန်မာဘာသာ ကျမ်းစာ ၃၄ အုပ်နှင့် အင်္ဂလိပ် ဘာသာကျမ်းစာ ၁၀ အုပ် စသော စာပေကျမ်းဂန်များ ရေးသားပြုစု တော်မူခဲ့ခြင်း၊ ရန်ကုန်မြို့ ချမ်းမြေ့ ရိပ်သာကျောင်းတိုက်နှင့် ရိပ်သာခွဲ များအဖြစ် ဟင်္သာတမြို့၊ ပြင်ဦးလွင် မြို့၊ မှော်ဘီမြို့၊ အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ လယ်ဝေးမြို့၊ တမူးမြို့တို့၌ တည်ထောင်ဖွင့်လှစ် တော်မူခဲ့ခြင်း၊ ပြည်ပနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံ ဗန်ကောက် မြို့၌လည်းကောင်း၊ တောင် အာဖရိကနိုင်ငံ ဒါဘန်မြို့၌ လည်းကောင်း၊ အမေရိကန်နိုင်ငံ စပရင်းဖီးမြို့၌ လည်းကောင်း၊ ပဋိပတ္တိ ကမ္မဋ္ဌာန်းရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ သာသနာ ပြုတော်မူခဲ့ခြင်း၊ ဆရာတော်သည် နိုင်ငံပေါင်းများစွာသို့ သာသနာ ပြုခရီး အကြိမ်(၇၀) ကျော်ကြွရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၊ ကိန်းဘရစ်ချ် တက္ကသိုလ်၊ အမေရိကန်နိုင်ငံ အီလီနွိုက် တက္ကသိုလ်၊ ဟာဝိုင်ရီတက္ကသိုလ်၊ ဗန်ကူးမားတက္ကသိုလ်၊ အိုဘာလင် တက္ကသိုလ် စသော ပြည်ပနိုင်ငံ တက္ကသိုလ်များ၌ ကမ္မဋ္ဌာန်းတရားများ ဟောကြားပြသတော်မူခဲ့ခြင်း နှင့် ၂၀၁၉ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယ ဆရာ တော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ကြောင်း။
ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့သော သာသန ဓုရာဝဟဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ကမ္မဋ္ဌာန နယဒေသကဂုဏ်၊ ဝိပဿနာ ဓုရာဝဟဂုဏ်၊ ပဋိပတ္တိဝိသာရဒ ဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ လဇ္ဇီ ပေသလ သိက္ခာကာမဂုဏ် စသည် တို့နှင့် ပြည့်စုံတော်မူခြင်း တို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၁၉၉၅ ခုနှစ်တွင် “အဂ္ဂမဟာကမ္မဋ္ဌာနစရိယ” ဘွဲ့တံဆိပ်တော်နှင့် ၂၀၀၉ ခုနှစ်တွင် “ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ပါကြောင်း၊ “သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ” ဆိုသည့် မေတ္တာပို့ ဆုတောင်းစကားသည် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ထင်ရှားသည့် လက်သုံးမေတ္တာပို့ ဩဝါဒကထာ ဖြစ်ကြောင်း၊ ဆရာတော် ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါ၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ ၃ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သာသနာတော် အကျိုးကို ဆောင်ရွက်တော်မူခဲ့သည့် နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ဘုရားကြီး ပျံလွန်တော် မူခဲ့ခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပြီး ဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင် အခမ်းအနားကို ခမ်းနား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော်သမ္မတ၏ လမ်းညွှန်မှုဖြင့် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


