နီပေါနိုင်ငံ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်ဌာနဖွဲ့စည်း

ခတ္တမန္ဒူ စက်တင်ဘာ ၂၀

နီပေါနိုင်ငံအတွင်း ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်ဌာနအား နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း ဩဂုတ် ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် ရွှံ့နွံပြိုမှုအတွင်း အနည်းဆုံးဒေသခံ ၁၄၁၁ ဦးသေဆုံးခဲ့ပြီး နီပေါ နိုင်ငံသားများနှင့် ပြည်ပနိုင်ငံသားများအပါအဝင် ၅၈၇၅ ဦးမှာ လက်ရှိအချိန်တွင် ပျောက်ဆုံးနေကြောင်း အမျိုးသားသဘာဝဘေးလျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားသည်။ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ရေခဲမြစ်များ  အရည်ပျော်ကာ  ကျိုးပေါက်ပြီး နီပေါနိုင်ငံတွင် ပြီးခဲ့သည့်လက သဘာဝဘေးများဖြစ်ခဲ့ရကြောင်း ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ရာသီဥတုပြောင်းလဲမှုများကြောင့် ဖြစ်လာသည့် အကျိုးသက်ရောက်မှုများနှင့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် အတွက် ယခုဌာနကို ဖွဲ့စည်းခြင်းဖြစ်ကာ သဘာဝဘေးများကို ကာကွယ်ရန်အတွက် အဆိုပါဌာနသစ်အနေဖြင့်   ပူးပေါင်းညှိနှိုင်းဆောင်ရွက်သည့် အဖွဲ့အစည်းပုံစံဖြင့်လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကာ ရာသီဥတုအရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးများနှင့် ဆက်စပ်သည့် နိုင်ငံတကာသံတမန်ရေးရာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန်အတွက် နိုင်ငံအတွင်းရှိ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နီပေါနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံများနှင့် ပွဲများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် အဆိုပါအရေးတွင် ရေရှည်ဆောင်ရွက်မည့် အဖွဲ့အစည်း ဦးစားပေးပုံစံဖြင့် ပုံသွင်းဆောင်ရွက်မည်ဖြစ်ကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီး ရှရီဆာကာနယ်က ပြောကြားသည်။ နီပေါနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်မူဝါဒအား နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲများမှတစ်ဆင့် အဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး လက်ရှိအချိန်တွင် ၎င်းကြိုးပမ်းဆောင်ရွက်မှုများကို အဖွဲ့အစည်းပုံစံဖြင့် ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း  ၎င်းက ပြောကြားသည်။                     

ဆင်ဟွာ