လုပ်ငန်းခွင်အရည်အသွေးမြင့်ဖို့ ဝန်ထမ်းအရင်းအမြစ်များအား ကောင်းမွန်စွာ စီမံခန့်ခွဲတတ်ဖို့လို

မောင်စိမ်းလန်း (မြန်မာ့အသံ)

ယနေ့ခေတ်တွင် မည်သည့်အဖွဲ့အစည်း၊ ဌာန၊ လုပ်ငန်း သို့မဟုတ် အင်စတီကျူးရှင်းမဆို အောင်မြင်စွာ ရပ်တည်နိုင်ရေးအတွက် စီမံခန့်ခွဲမှုကောင်းမွန်ခြင်းသည် အခြေခံအကျဆုံး လိုအပ်ချက် တစ်ရပ်ဖြစ်လာသည်။ အဖွဲ့အစည်းတစ်ခုတွင် ခေတ်မီနည်းပညာများ၊ လုံလောက်သော ဘဏ္ဍာငွေ များနှင့်ကောင်းမွန်သော အဆောက်အအုံများရှိနေသော်လည်း ထိုအရင်းအမြစ်များကို အသုံးချဆောင် ရွက်မည့် ဝန်ထမ်းများ၏စွမ်းရည်နှင့် လုပ်ငန်းခွင် သဘောထားများ မကောင်းမွန်ပါက ရည်မှန်းချက် များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လူ့စွမ်းအားအရင်းအမြစ် သည် အဖွဲ့အစည်းတိုင်းအတွက် အရေးပါဆုံးသော အရင်းအမြစ်တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။ ဝန်ထမ်းများကို စနစ်တကျစီမံခန့်ခွဲခြင်းသည် လုပ်ငန်းတာဝန်များ ပြီးမြောက်စေရန်အတွက် သာမက ဝန်ထမ်းများ၏ အရည်အချင်းများ တိုးတက်လာစေရန်၊ လုပ်ငန်းခွင်စိတ်ဓာတ်ကောင်း မွန်လာစေရန်နှင့် အဖွဲ့အစည်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်အတွက်လည်း အရေးကြီးသည်။

ဝန်ထမ်းစီမံခန့်ခွဲမှုဆိုသည်မှာ ဝန်ထမ်းများအား အမိန့်ပေးခြင်း၊ ထိန်းချုပ်ခြင်းတို့ကိုသာ ဆိုလို ခြင်းမဟုတ်ဘဲ သင့်တော်သော ဝန်ထမ်းများကို ရွေးချယ်ခန့်အပ်ခြင်း၊ သင့်တော်သော တာဝန်များ ခွဲဝေပေးခြင်း၊ လိုအပ်သော လေ့ကျင့်သင်ကြားမှုများပေးခြင်း၊ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် လုပ်ငန်းခွင်အတွင်း ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ပေးခြင်းတို့ ပါဝင်သည့် ကျယ်ပြန့်သော စီမံခန့်ခွဲမှုလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုသည် ထိုအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ ဝန်ထမ်းများ၏ အရည်အချင်းကို မှန်ကန်စွာအသုံးချနိုင်ခြင်း၊ မိမိတာဝန်ကို မိမိသိရှိနားလည်ခြင်းနှင့် အဖွဲ့အစည်း၏ ရည်မှန်းချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် အဖွဲ့အစည်း၏ အောင်မြင်မှုအတွက် အရေးကြီးသော အချက်များဖြစ်သည်။

ထိရောက်သော ဝန်ထမ်းစီမံခန့်ခွဲမှုရှိပါက အလုပ်တာဝန်များထပ်နေခြင်း၊ တာဝန်မရှင်းလင်းခြင်း၊ လုပ်ငန်းများ နှောင့်နှေးခြင်းနှင့် အချင်းချင်း အပြစ်တင်ခြင်းတို့ကို လျှော့ချနိုင်သည်။ ထို့အပြင် ဝန်ထမ်းတစ်ဦးချင်းစီ၏ အားသာချက်၊ အားနည်းချက်များကို သိရှိနိုင်ပြီး သင့်တော်သည့် လုပ်ငန်း တာဝန်များကို ခွဲဝေပေးနိုင်သောကြောင့် လုပ်ငန်းစွမ်းဆောင်ရည်လည်း မြင့်တက်လာနိုင်သည်။ အခြားတစ်ဖက်တွင် ဝန်ထမ်းများကို မျှတစွာ ဆက်ဆံခြင်းနှင့် မိမိတို့၏အမြင်များကို လွတ်လပ် စွာတင်ပြခွင့်ပေးခြင်းတို့သည် လုပ်ငန်းခွင်တွင် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေ သည်။ ထိုသို့သော လုပ်ငန်းခွင်သည် ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုပ်ငန်းအပေါ် ပိုမိုတာဝန်ယူ လိုစိတ်ရှိလာစေပြီး အဖွဲ့အစည်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အထောက် အကူပြုနိုင်သည်။

ဝန်ထမ်းစီမံခန့်ခွဲမှု၏ ပထမဆုံးအဆင့်မှာ ရာထူးနှင့် လုပ်ငန်းတာဝန် ကိုက်ညီသည့်ဝန်ထမ်းများကို ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။ လူတစ်ဦးသည် ပညာအရည်အချင်းကောင်းမွန်သော်လည်း သက်ဆိုင်ရာတာဝန်နှင့် မကိုက်ညီပါက မျှော်မှန်းထားသည့် ရလဒ်ကို ရရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရာထူးတစ်ခုချင်းစီအတွက် လိုအပ်သည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ တာဝန်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကို ကြိုတင်သတ်မှတ်ထားသင့်သည်။ ဝန်ထမ်းရွေးချယ် ရာတွင်လည်း ကိုယ်ရေးကိုယ်တာ ဆက်နွှယ်မှုများ သို့မဟုတ် မျက်နှာသာပေးမှုများထက် သတ်မှတ် ထားသော စံနှုန်းများနှင့်အညီမျှတစွာ ရွေးချယ်သင့်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ဝန်ထမ်းများအကြား ယုံကြည်မှုကို တည်ဆောက်ပေးနိုင်သကဲ့သို့ အဖွဲ့အစည်း၏စီမံခန့်ခွဲမှုအပေါ် ယုံကြည်မှုကိုလည်း မြှင့်တင်ပေးနိုင်သည်။

ဝန်ထမ်းတစ်ဦးချင်းစီသည် မိမိ၏လုပ်ငန်းတာဝန်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ခံရမည့်အဆင့်တို့ကို ရှင်းလင်းစွာသိရှိထားရန် လိုအပ်သည်။ တာဝန်နှင့် လုပ်ပိုင်ခွင့်များ မရှင်းလင်းပါက လုပ်ငန်းတာဝန်များထပ်နေခြင်း သို့မဟုတ် မည်သူက တာဝန်ယူရမည်ကို မသိရှိခြင်းများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အဖွဲ့အစည်းအတွင်း ရာထူးအဆင့်အလိုက် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးသင့်သည်။ တာဝန်ပေးအပ်ရာတွင်လည်း ဝန်ထမ်း၏ အရည်အချင်း၊ အတွေ့အကြုံနှင့် လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်စွမ်းတို့ကို ထည့်သွင်းစဉ်းစားရမည်။

တာဝန်ပေးပြီးနောက် လိုအပ်သည့် လုပ်ပိုင်ခွင့်ကိုလည်း သင့်လျော်စွာ ပေးအပ်ရန် လိုအပ်သည်။ တာဝန်သာပေးပြီး ဆုံးဖြတ်ခွင့် သို့မဟုတ် လိုအပ်သော အရင်းအမြစ်များ မပေးပါက ဝန်ထမ်းများ အနေဖြင့် တာဝန်ကို ထိရောက်စွာ ဆောင်ရွက်နိုင် မည်မဟုတ်ပေ။ ဝန်ထမ်းတစ်ဦးသည် တစ်ကြိမ်တည်း သင်ယူထားသော အသိပညာနှင့် ကျွမ်းကျင်မှုများဖြင့် ရေရှည်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် မလုံလောက်နိုင်ပေ။ နည်းပညာနှင့် လုပ်ငန်းနည်းလမ်းများသည် အမြဲတမ်း ပြောင်းလဲတိုးတက်နေသဖြင့် ဝန်ထမ်းများ၏ အသိပညာနှင့် ကျွမ်းကျင်မှုများကိုလည်း အဆက်မပြတ် မြှင့်တင်ပေးရန် လိုအပ်သည်။

ထို့ကြောင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းများ၊ လုပ်ငန်းခွင်လေ့ကျင့်မှုများ၊ အတွေ့ အကြုံမျှဝေခြင်းများနှင့် အလုပ်တာဝန်အတွင်း လက်တွေ့သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးသင့်သည်။ ဝန်ထမ်းတစ်ဦး၏ စွမ်းရည်မြှင့်တင်ခြင်းသည် ထိုဝန်ထမ်းတစ်ဦးတည်းအတွက် သာ အကျိုးရှိခြင်းမဟုတ်ဘဲ အဖွဲ့အစည်းအတွက်လည်း အကျိုးရှိသည်။ ဝန်ထမ်းများ၏ စွမ်းရည် တိုးတက်လာသည်နှင့်အမျှ လုပ်ငန်းများကို ပိုမို မြန်ဆန်၊ ထိရောက်စွာဆောင်ရွက်နိုင်လာမည်ဖြစ် ပြီး ပြဿနာများကိုလည်း မိမိတို့ကိုယ်တိုင်စဉ်းစား ဖြေရှင်းနိုင်စွမ်း တိုးတက်လာမည်ဖြစ်သည်။ ဝန်ထမ်းစီမံခန့်ခွဲမှုတွင် စွမ်းဆောင်ရည်အကဲဖြတ်ခြင်းသည် မဖြစ်မနေလိုအပ်သော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ အကဲဖြတ်ခြင်း၏ရည်ရွယ်ချက်မှာ ဝန်ထမ်းများ၏ အားနည်းချက်များကို ရှာဖွေ၍ အပြစ်ပေးရန်မဟုတ်ဘဲ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုရန် ဖြစ်သင့်သည်။

စွမ်းဆောင်ရည်အကဲဖြတ်ရာတွင် တာဝန်များ ပြီးမြောက်မှု၊ အလုပ်အရည်အသွေး၊ အချိန်မီဆောင် ရွက်နိုင်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ တာဝန်ယူမှုနှင့် ပြဿနာဖြေရှင်းနိုင်မှုတို့ကဲ့သို့သော အချက်များကို သင့်လျော်သော စံနှုန်းများဖြင့် အကဲဖြတ်သင့်သည်။ အကဲဖြတ်ပြီးနောက် ဝန်ထမ်းတစ်ဦးချင်းစီအား အားသာချက်များနှင့် တိုးတက်ရန်လိုအပ်သည့် အချက်များကို ရှင်းလင်းစွာ ပြန်လည်အသိပေးသင့်သည်။ ထိုသို့ ပြန်လည်သုံးသပ်ပေးခြင်းသည် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်နိုင်စေပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် အထောက်အကူပြုသည်။

မိမိတို့၏ ကြိုးစားအားထုတ်မှုကို အဖွဲ့အစည်းက အသိအမှတ်ပြုသည်ဟု ခံစားရခြင်းသည် ဝန်ထမ်းများ၏ အလုပ်အပေါ် စိတ်အားထက်သန်မှု ကို တိုးမြှင့်ပေးနိုင်သည်။ ထို့ကြောင့် ထူးချွန်စွာ ဆောင်ရွက်သော ဝန်ထမ်းများကို သင့်လျော်သော ဆုချီးမြှင့်မှုများ၊ ချီးကျူးဂုဏ်ပြုမှုများနှင့် တိုးတက် နိုင်သည့် အခွင့်အလမ်းများပေးသင့်သည်။ သို့သော် ဆုချီးမြှင့်ခြင်းနှင့် အသိအမှတ်ပြုခြင်းတို့တွင် မျှတမှုသည် အလွန်အရေးကြီးသည်။ သတ်မှတ်ထား သောစံနှုန်းများ မရှင်းလင်းဘဲ လူပုဂ္ဂိုလ်အပေါ် မူတည်၍ ဆုချီးမြှင့်ပါက ဝန်ထမ်းများအကြား မကျေနပ်မှုနှင့် ယုံကြည်မှုလျော့နည်းမှုများ ဖြစ်ပေါ် နိုင်သည်။ ထို့ကြောင့် စွမ်းဆောင်ရည်နှင့် ရလဒ်များအပေါ် အခြေခံ၍ ပွင့်လင်းမြင်သာစွာ အသိအမှတ် ပြုသင့်သည်။

အဖွဲ့အစည်းတစ်ခု၏လုပ်ငန်းခွင်တွင် ဝန်ထမ်းအချင်းချင်းနှင့် အထက်အရာရှိ၊ အောက်လက်ငယ် သားများအကြား ဆက်ဆံရေးကောင်းမွန်မှုသည် အလွန်အရေးကြီးသည်။ ဆက်ဆံရေးမကောင်းမွန်ပါက အလုပ်တာဝန်များအပေါ် ပူးပေါင်းဆောင်ရွက်မှု လျော့နည်းလာနိုင်ပြီး အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦးလေးစားမှုရှိခြင်း၊ အမြင်မတူညီမှုများကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းခြင်းနှင့် သတင်းအချက်အလက်များ အချိန်မီ မျှဝေပေးခြင်းတို့ကို အားပေးသင့်သည်။ အထူးသဖြင့် အထက်အရာရှိများက ဝန်ထမ်းများ၏ အခက်အခဲများကို နားထောင်ပေးရန် လိုအပ်သည်။ ဝန်ထမ်းများ၏ အမြင်များကို နားထောင်ပေးခြင်းသည် အထက်အောက်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပြီး လုပ်ငန်းဆိုင်ရာ ပြဿနာများကိုလည်း အချိန်မီ ဖော်ထုတ်ဖြေရှင်းနိုင်စေသည်။

ဝန်ထမ်းစီမံခန့်ခွဲမှုတွင် ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ ခေါင်းဆောင်ကောင်းတစ်ဦးသည် အမိန့်ပေးသူ တစ်ဦးအဖြစ်သာ မရပ်တည်သင့်ဘဲ ဝန်ထမ်းများကို လမ်းညွှန်ပေးသူ၊ အားပေးကူညီပေးသူနှင့် စံနမူနာပြ သူတစ်ဦးဖြစ်သင့်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဆုံးဖြတ်ချက်ချရာတွင် မျှတမှုရှိရန်၊ တာဝန်ယူမှုရှိရန်နှင့် အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အခြေခံရန် လိုအပ်သည်။ ထို့အပြင် မိမိဝန်ထမ်းများထံမှ မျှော်မှန်းထားသည့် စည်းကမ်း၊ တာဝန်ယူမှုနှင့် အလုပ်ကျင့်ဝတ်များကို မိမိကိုယ်တိုင်လည်း လိုက်နာပြသသင့်သည်။

ခေါင်းဆောင်၏ အပြုအမူသည် ဝန်ထမ်းများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ ထို့ကြောင့် ခေါင်းဆောင်ကောင်းတစ်ဦးသည် အဖွဲ့အစည်း၏ စည်းမျဉ်းများကို လိုက်နာရုံသာမက ဝန်ထမ်းများ အတွက် ယုံကြည်အားကိုးရသော ခေါင်းဆောင် တစ်ဦးဖြစ်အောင် ကြိုးပမ်းသင့်သည်။ စီမံခန့်ခွဲမှုကောင်းမွန်ရန်အတွက် ဆက်သွယ်ပြောဆိုမှု ကောင်းမွန်ခြင်းသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ လုပ်ငန်းတာဝန်များ၊ အမိန့်ညွှန်ကြားချက်များ၊ အစီအစဉ်များနှင့် မျှော်မှန်းချက်များကို ဝန်ထမ်းများထံသို့ ရှင်းလင်းတိကျစွာ ဆက်သွယ်ပေးရန် လိုအပ်သည်။ ညွှန်ကြားချက် မရှင်းလင်းပါက ဝန်ထမ်းများသည် မိမိတို့နားလည်သလို ဆောင်ရွက် နိုင်ပြီး လုပ်ငန်းရလဒ်များ မတူညီနိုင်ပါ။ ထို့ကြောင့် မည်သည့်တာဝန်ကို မည်သူက၊ မည်သည့်အချိန်တွင်၊ မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ရမည်ကို ရှင်းလင်းစွာ သတ်မှတ်ပေးသင့်သည်။

ထို့အပြင် အထက်မှအောက်သို့သာ ဆက်သွယ်ခြင်းမဟုတ်ဘဲ အောက်မှအထက်သို့လည်း ပြန်လည်တင်ပြနိုင်သည့် ဆက်သွယ်ရေးစနစ်ရှိသင့်သည်။ ထိုသို့ရှိပါက လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ် နေသော အခက်အခဲများနှင့် လိုအပ်ချက်များကို အထက်အရာရှိများက အချိန်မီ သိရှိနိုင်မည်ဖြစ် သည်။ အဖွဲ့အစည်းတစ်ခုအတွင်း စည်းကမ်းသည် မရှိမဖြစ်လိုအပ်သည်။ စည်းကမ်းမရှိပါက လုပ်ငန်းခွင်၏ အချိန်ဇယား၊ လုပ်ငန်းစဉ်နှင့် တာဝန်ယူမှုများ ထိခိုက်နိုင်သည်။ သို့သော် စည်းကမ်းထိန်းသိမ်းရာတွင် အပြစ်ပေးခြင်းကိုသာ အဓိကမထားဘဲ စည်းကမ်းလိုက်နာရန် လိုအပ်သည့် အကြောင်းရင်းများကို ဝန်ထမ်းများနားလည်အောင် ရှင်းလင်းပေးသင့်သည်။ ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် မိမိတာဝန်ကို မိမိတာဝန်ယူခြင်း၊ သတ်မှတ်ထား သည့် အချိန်အတွင်း လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်ခြင်းနှင့် အမှားအယွင်းဖြစ်ပေါ်ပါက ရိုးသားစွာ တင်ပြခြင်းတို့ကို လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ်အဖြစ် တည်ဆောက်သင့်သည်။

ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာမှုနှင့်အတူ ဝန်ထမ်းစီမံခန့်ခွဲမှု လုပ်ငန်းများတွင်လည်း ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုလာကြသည်။ ဝန်ထမ်းအချက်အလက်များ စီမံသိမ်းဆည်းခြင်း၊ အလုပ်တာဝန်များ ခွဲဝေပေးခြင်း၊ အစီရင်ခံစာများ ပြုစုခြင်းနှင့် လုပ်ငန်းတိုးတက်မှုကို စောင့်ကြည့်ခြင်းတို့တွင် သင့်လျော်သော နည်းပညာများ အသုံးပြုနိုင်သည်။ သို့သော် နည်းပညာသည် လူ့စွမ်းအားကို အစားထိုးရန်အတွက်သာမဟုတ်ဘဲ ဝန်ထမ်းများ၏ လုပ်ငန်းကို ပိုမိုလွယ်ကူ၊ မြန်ဆန်ထိရောက်စေရန် အထောက်အကူပြုသည့် ကိရိယာတစ်ခုအဖြစ် အသုံးချသင့်သည်။ နည်းပညာအသုံးပြုရာတွင်လည်း ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များနှင့် လုပ်ငန်းဆိုင်ရာ အရေးကြီးအချက်အလက်များ၏ လုံခြုံရေးကို အထူးဂရုပြုသင့်သည်။

အနှစ်ချုပ်အားဖြင့် ဝန်ထမ်းစီမံခန့်ခွဲမှုသည် အဖွဲ့အစည်းတစ်ခု၏ အောင်မြင်မှုအတွက် အလွန်အရေးကြီးသော စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ အထူးသဖြင့် လူကိုအဓိကထားသည့် စီမံခန့်ခွဲမှုစနစ်သည် ဝန်ထမ်းများ၏ ယုံကြည်မှုနှင့် အလုပ်အပေါ် စိတ်အားထက်သန်မှုကို မြှင့်တင်ပေးနိုင်သည်။ ဝန်ထမ်းများနှင့် အဖွဲ့အစည်းအကြား ယုံကြည်မှု၊ လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ခိုင်မာလာသည်နှင့်အမျှ လုပ်ငန်းခွင်သည် ပိုမိုတည်ငြိမ်ပြီး ထိရောက်လာမည်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်းမဆို “လူသည် အဖွဲ့အစည်း၏ အဓိကအင်အား”ဟူသော အယူအဆ ကိုအခြေခံ၍ ဝန်ထမ်းများ၏ အရည်အချင်းနှင့် အလားအလာများကို တန်ဖိုးထားမြှင့်တင်ပေးသင့်သည်။ ဝန်ထမ်းကောင်းများကို မွေးထုတ်ပေးနိုင်ပြီး ထိုဝန်ထမ်းများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည့် အဖွဲ့အစည်းများသာ ရေရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်သောအဖွဲ့အစည်းများအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။ ။