အမျိုးသားစာပေဆုရ၊ အလင်္ကာကျော်စွာ ရွှေကူနန်းနွဲ့နွဲ့
ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး
မငြီးဆက်ချီလာ။
နှစ်ဆယ့်ခုနစ်ကြိမ်
ရောက်သည့်ချိန်
မမှိန်ရောင်လက်စွာ။
အကြိမ်များစွာ၊ နွှဲဦးမှာ
မြန်မာပြည်မို့သာ။
မျိုးဆက်သစ်တွေ
လက်ဆင့်ဝေ
မသွေတို့ဝန်တာ။ ။
(၂၇)ကြိမ်ထိ ချီတက်လာသော မြန်မာကို ကမ္ဘာကသိစေသည့် ဤ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီး နီးလာပေပြီ။
၁၃-၈-၂၀၂၆ ရက်နေ့တွင် နေပြည်တော်ရှိ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သော ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအစည်းအဝေးသို့ စာရေးသူ တက်ရောက်ခဲ့ပါသည်။ အောက်တိုဘာလလယ်တွင် ကျင်းပမည့် ပြိုင်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပပြီးမြောက်စေရေး ကော်မတီပေါင်းများစွာဖြင့် ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ရာ -
(က) လုံခြုံရေးဆပ်ကော်မတီ၊
(ခ) ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေး၊ အကဲဖြတ် အမှတ်ပေးကြီးကြပ်ရေး ဆပ်ကော်မတီ၊
(ဂ) ပြိုင်ပွဲဝင်စိစစ်ရေးဆပ်ကော်မတီ၊
(ဃ) ဖိတ်ကြားရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊
(င) ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီ၊
(စ) ဘဏ္ဍာငွေရှာဖွေရေးနှင့် ဆုချီးမြှင့်ရေးအခမ်းအနားများ ကျင်းပရေးဆပ်ကော်မတီ၊
(ဆ) ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေး ဆပ်ကော်မတီ၊
(ဇ) ကျန်းမာရေးဆပ်ကော်မတီ၊
(ဈ) လုပ်ငန်းစစ်ဆေးရေးဆပ်ကော်မတီ၊
(ည) တည်းခိုမည့်နေရာ အုပ်ချုပ်ရေးဆပ်ကော်မတီ၊
ဆပ်ကော်မတီ ၁၀ ရပ်ဖြင့် ထောင့်စေ့အောင် စီမံထားသည်ကို ဖြတ်သန်းခဲ့သော အတွေ့အကြုံများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရပါမည်။ ဆပ်ကော်မတီတစ်ခုချင်း ဆွေးနွေးကြသည်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ လူမှုရေးရာဝန်ကြီးများ၊ သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင် အဖွဲ့ခေါင်းဆောင်များဖြင့် စုံစေ့အောင် ဆွေးနွေးကြပါသည်။
နိုင်ငံတော်၏ အမျိုးသားရေးလိုအပ်ချက်များတွင် အရေးကြီး ကဏ္ဍမှပါဝင်သော ဤယဉ်ကျေးမှုဆိုင်ရာပွဲတော်ကြီးကို ကြီးလေးသောတာဝန်များ ကိုယ်စီကိုယ်င ခွဲဝေထမ်းဆောင်ကြရန် တာဝန်ခံကြရပါသည်။
သမိုင်းကြောင်းရှည်လျားခဲ့သော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် တီထွင်ဖန်တီးခဲ့သော “မြန်မာစာပေ”ဖြင့် မှတ်တမ်းပြုခဲ့သည့် ယဉ်ကျေးမှုအခြင်းအရာများ ကြွယ်ဝသော မြန်မာနိုင်ငံတွင် (ဝါ၊ ဂီ၊ နစ်)ဟူသော အဆို၊ အက၊ အရေး၊ အတီးပညာရပ်များ တဖြည်းဖြည်း ထွန်းကားတိုးတက်ပွားများလာသည်မှာ ဂုဏ်ယူဖွယ်ပင်ဖြစ်ပါသည်။
အဆိုဘာသာရပ်သည် တေးသီချင်းအမျိုးမျိုး သီဆိုတတ်ရန် သင်ကြားလေ့ကျင့်ကြရပါသည်။ ထိုအခါ အဆိုပညာကို စနစ်တကျ သင်ကြားရပြီး မြန်မာသံစစ်စစ် သီချင်းကြီးခေါ် “မဟာဂီတ”၏ အရေး ပါမှုကို သိသင့်ကြပါသည်။
“ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်” ဟူသော မြန်မာ့တူရိယာ စစ်စစ်များဖြင့် တွဲဖက်တီထွင်ရေးသားတီးမှုတ်သီဆိုခဲ့ကြ၍ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာ တည်ရှိထွန်းကားခဲ့သည်မှာ သီချင်းအမျိုးအစားအားဖြင့် ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ထားဝယ်၊ ရခိုင်တေးများ။
တိုင်းရင်းသားတိုင်း၏ ရိုးရာတေးများ မှတ်တမ်းပြုထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ပွဲလမ်းသဘင်အမျိုးမျိုးအတွက် ပျော်ရွှင်ဖွယ်၊ လွမ်းဆွတ်ဖွယ်၊ တက်ကြွဖွယ်၊ ဝမ်းနည်းဖွယ်ရေးဖွဲ့ခဲ့ကြသည်မှာ လူ့လောက လူ့သဘာဝကို မှတ်တမ်းပြုခြင်းပင် ဖြစ်ပါသည်။
ခေတ်စနစ်ပြောင်း၍ သီပေါမင်းပါတော်မူပြီးနောက် ပေါ်ပေါက်လာသော ခေတ်ဟောင်းတေးများ၊ ကမ္ဘာကြီးနှင့် ဝင်ဆံ့လာသော ခေတ်သစ်ကာလပေါ်တေးများ၊ မျက်မှောက်ကာလ လူငယ်ကြိုက်တေး များဟု သူ့အဓိပ္ပာယ်နှင့်သူ၊ သူ့ “ရသ”နှင့်သူ ပေါ်ပေါက်ခဲ့သည့် တေးများယှဉ်ပြိုင်ရန် အဆိုဘာသာရပ်တွင် ကဏ္ဍသုံးခုသတ်မှတ်ရာ-
(က) မဟာဂီတတေးများ၊
(ခ) ခေတ်ဟောင်းကာလပေါ်တေးများ၊
(ဂ) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးတေးများ။
သတ်မှတ်တေးသီချင်း စုစုပေါင်း ၁၀၇ ပုဒ် ရှိသည်။ အထူးသိရန်မှာ မြန်မာ့မဟာဂီတ တေးအမျိုးအစားတွင် ယှဉ်ပြိုင်သူများကိုယ်တိုင် စည်းဝါးတီးရန်၊ မြန်မာ့မူပိုင် တူရိယာတစ်မျိုးမျိုး (စောင်း၊ ပတ္တလား၊ ဆိုင်း)ဖြင့် ယှဉ်ပြိုင်ရန် (စန္ဒရားခွင့်ပြုပါသည်။)
ခေတ်ဟောင်းကာလပေါ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေး တေးများတွင် စည်းဝါးကိုယ်တိုင်တီးခြင်း ကင်းလွတ်ခွင့်နှင့် ခေတ်အလိုက်တူရိယာများ တီးခတ်ခွင့်ရှိပါသည်။
အတီးဘာသာရပ်တွင် တူရိယာများ များပြားပါသည်။ ဆိုင်း၊ စောင်း၊ ပတ္တလား၊ တယော၊ မယ်ဒလင်၊ ဂီတာ၊ ဒုံမင်း၊ နှဲ၊ ပလွေ၊ အိုးစည်၊ ဒိုးပတ်တူရိယာများကို တစ်ဦးချင်း ဆိုင်း၊ အဖွဲ့လိုက်ဆိုင်း စသည်ဖြင့် သတ်မှတ်အဆင့်များရှိပါသည်။
အတီးဘာသာရပ် ယှဉ်ပြိုင်ရန်လည်း တေးသီချင်းများ၊ စံတီးလုံးများ သတ်မှတ်ပေးပါသည်။ ထိုဘာသာရပ်တွင်လည်း “မဟာဂီတ” တေးများ မဖြစ်မနေပါဝင်ရန် ပြဋ္ဌာန်းသတ်မှတ်ပါသည်။ ထူးခြားချက် မှာ အဆိုရှင်တစ်ဦးက အတီးကို ပံ့ပိုးသီဆိုပေးခွင့်ရှိပါသည်။
အရေးဘာသာရပ်တွင် ခေါင်းစဉ်ပေး၍ တေးသီချင်းကို ရေးသားစေပြီး သံစဉ် “Note” ကို ဆရာများ၊ ဒိုင်လူကြီးများ ကူညီပေးခွင့်ရှိပါသည်။ တေးသီချင်းစာသားရေးပြီးနောက် သံစဉ်ထည့်သွင်းတီးမှုတ် သီဆိုလေ့ကျင့်ပြီးမှ အချောသပ်ယှဉ်ပြိုင်ရပေရာ လူငယ်များ အထူးစိတ်ဝင်စား ယှဉ်ပြိုင်ကြပါသည်။
အကဘာသာရပ်တွင် အမျိုးသား၊ အမျိုးသမီး၊ အကတီးလုံးများ ဖြင့် လေ့ကျင့်ပြီး ယှဉ်ပြိုင်ရပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်မှ လူငယ်များ မြန်မာမင်းသား၊ မင်းသမီးဝတ်စုံပြည့်ဖြင့် ပျော်ရွှင်တက်ကြွ စွာ ယှဉ်ပြိုင်ကြသည်မှာ အားရဖွယ်ဖြစ်ပါသည်။ အကဘာသာရပ်တွင် တိုးချဲ့နိုင်ခဲ့သည်မှာ ကဗျာလွတ်အက(အခြေခံပညာကျောင်းများ)။
တိုင်းရင်းသားရိုးရာအကများ ထည့်သွင်းကျင်းပပေးနိုင်ခြင်းမှာ ချစ်ခင်ရင်းနှီးမှု၊ တိုင်းရင်းသားအချင်းချင်း လေးစားဂုဏ်ယူတတ်မှု၊ တိုင်းရင်းသားအားလုံးတို့ ယဉ်ကျေးမှု ကူးလူးဆက်ဆံလာမှုတို့ကို အကျိုးတရားများအဖြစ် ကြည်နူးရပါသည်။ တိုင်းရင်းသားအကများ တစ်နှစ်တစ်မျိုး အလှည့်ကျသတ်မှတ်ပေးရာ တိုင်းရင်းသားတို့၏ တူရိယာများ တီးခတ်မှုစနစ်များ ခံစားရရှိနိုင်သည့် ရသများကို လက်တွေ့ရရှိနိုင်ပါသည်။ ယခုနှစ် “ကချင်ရိုးရာ”အကဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ ယှဉ်ပြိုင်ကြရပါမည်။ အင်္ကျီမှ ငွေမောင်းငွေခွက်လေးများ တချွင်ချွင်မြည်လျက် မြူးမြူးကြွကြွ မြင်ကြရပါဦးမည်။
ဇာတ်တော်ကြီး ယှဉ်ပြိုင်မှုမှာ အကြီးဆုံးပွဲကြီးဟု ဆိုရပါမည်။ အများအားဖြင့် ဇာတ်ကြီးဆယ်ဘွဲ့မှ တစ်မျိုးမျိုးကို အဖွဲ့ဝင်အင်အား ၃၇ ဦးမျှဖြင့် သုံးနာရီစာဇာတ်ကြီးကို ပြည့်စုံစွာ ပသာဒရှိရှိ ယှဉ်ပြိုင်ရ ပေရာ ယခုနှစ် “ဝိဓူရ”ဟု သိရပါသည်။ ရာမာယဏဇာတ်ကြီးကို ရှေ့နှစ်များက ယှဉ်ပြိုင်ခဲ့ကြပြီးပါပြီ။
ရုပ်သေးပြိုင်ပွဲမှာလည်း ကြိုးဆွဲပညာ မတိမ်ကောမပပျောက်ရန် အထူးကြိုးပမ်းအားထုတ်ထားကြပါသည်။ ရုပ်သေးဇာတ်တော်ကြီးကိုလည်း “သုဝဏ္ဏသာမ” ဖြင့် ယှဉ်ပြိုင်မည်ဟု သိရပါသည်။ ကြိုးဆွဲ ဆရာများ၊ ဆိုငိုပြောပညာရှင်များဖြင့် မြန်မာ့ရုပ်သေးပညာရပ် ရှင်သန် ပြန့်ပွားရေးကို ကြိုးပမ်းထားကြပါသည်။
ကွက်စိပ်ပြိုင်ပွဲ။ “ဝစနာလင်္ကာရ” နှုတ်မှုကျွမ်းကျင်ရေး ပညာရပ်ကိုလည်း တိမ်ကောပပျောက်မည့်အန္တရာယ်မှ တတ်အားသရွေ့ ကာကွယ်ထိန်းသိမ်းထားရန် ဤကွက်စိပ်ပြိုင်ပွဲကို ထည့်သွင်းကျင်းပ ပေးသည်မှာ အထူးဝမ်းမြောက်ရပါသည်။ ကွက်စိပ်ပြိုင်ပွဲတွင် နှုတ်မှု စွမ်းရည်၊ အသံ၊ အဆို၊ အပြော၊ အဟိန်းအဟောက်၊ ဟာသ၊ အလွမ်း စသည်ဖြင့် သတ်မှတ်ပေးသော ဇာတ်သွားအရ ဇာတ်မင်းသားငယ်တစ်ဦးကဲ့သို့လည်းကောင်း၊ မင်းသားလတ်၊ လူရွှင်တော်၊ မင်းသားကြီး တစ်ဦးကဲ့သို့လည်းကောင်း၊ ဇာတ်ထုပ်ပါ ဇာတ်ရုပ်အလိုက် ကျား၊ မ၊ ဘီလူး၊ ဘုရင်၊ ဝန် စသည်ဖြင့် တစ်ဦးတည်းက အသံအမျိုးမျိုး၊ ဟန်ထားအမျိုးမျိုးဖြင့် ပြောဆိုသီကျူးသွားသည်မှာ နားဆင်မဝအောင် ကောင်းမွန်ကြပါသည်။
ဤတွင် ယင်းကွက်စိပ်အတွက် ဇာတ်ညွှန်းအရ တေးသွားများကို ဆိုင်းဝိုင်းကြီးပံ့ပိုးမှုဖြင့် မပျင်းရအောင်၊ ပျော်လာအောင်၊ လွမ်းလာအောင် ဟန်ပန်လေသံများ အထူးကျွမ်းကျင်ရပါသည်။ ထို့ကြောင့် ကွက်စိပ်ဘာသာရပ်သည်လည်း ထိန်းသိမ်းဖြန့်ဝေပြန့်ပွားစေသင့် သည့်ပညာရပ်ဖြစ်၍ ပြိုင်ပွဲတွင် ပါဝင်သင့်သည့်ဘာသာရပ်ဖြစ်ပါသည်။
ခြုံ၍ဆိုရလျှင် အဆင့်ငါးဆင့်ဖြင့် ဘာသာရပ်တိုင်း မြန်မာ့ယဉ်ကျေးမှု၏ သရုပ်သကန် အနှစ်သာရများဖြစ်၍ လူငယ်၊ လူကြီး သင်ယူယှဉ်ပြိုင်ရင်း မိမိတို့ရိုးရာကို ကိုယ်စီထိန်းသိမ်းသောအားဖြင့် နှစ်သက်ရာယှဉ်ပြိုင်ကြရန် အားပေးရေးသားရပါသည်။ နိုင်ငံတော်၏ ငွေကြေးအမြောက်အမြား ကုန်ကျခံ၍ “ လူ၊ ငွေ၊ ပညာ”များ ရင်းနှီးမြှုပ်နှံလျက် နှစ်စဉ်ကျင်းပနေခြင်းမှာ အမျိုးသားယဉ်ကျေးမှုများ မပျောက်ပျက်စေလိုသည့် မွန်မြတ်သော ရည်ရွယ်ချက်ကြောင့်ပါဟု ဆိုပါရစေ။
ပြိုင်ပွဲကြီးအား ကြိုဆိုလျက်။


