၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီး နှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစား ဥယျာဉ်ကွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌လည်း ကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင် အားကစားကွင်း၌လည်းကောင်း ဇုန်လေးဇုန်ခွဲ၍ ကျင်းပသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ ဇုန်လေးဇုန်အလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ အိမ်ရှင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ် အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ငါးဂိုး - နှစ်ဂိုးဖြင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ အိမ်ရှင်ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပဲခူးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို သုံးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ် အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ အိမ်ရှင် ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၁၀ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး)ဘောလုံး ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ ကရင်ပြည်နယ် ဘားအံမြို့   ဇွဲကပင်အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။ သတင်းစဉ်