အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နာဂိုယာမြို့ရှိ Paloma Mizuho Stadium ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်နိုင်ငံများ ကွင်းအတွင်းနေရာယူပြီး အိမ်ရှင် ဂျပန်နိုင်ငံက ဖျော်ဖြေရေးအစီအစဉ်များ၊ သရုပ်ပြအစီအစဉ်များဖြင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်သည်။ ဂျပန်နိုင်ငံအနေဖြင့် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ၁၉၅၈ ခုနှစ်၊ ၁၉၉၄ ခုနှစ်ပြီးနောက် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် ၁၉၅၈ ခုနှစ်ပြိုင်ပွဲကို တိုကျိုမြို့၊ ၁၉၉၄ ခုနှစ်ပြိုင်ပွဲကို ဟီရို ရှီးမားမြို့၊ ၂၀၂၆ ခုနှစ်ပြိုင်ပွဲကို အိချီ-နာဂိုယာမြို့တို့တွင် ကျင်းပခြင်းဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာမှ အိမ်ရှင်အဖြစ် တစ်ကျော့ပြန်လက်ခံကျင်းပခြင်းဖြစ်သည်။

အကြိမ်(၂၀) မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အားကစားနည်းအချို့ကို စက်တင်ဘာ ၁၄ ရက်ကတည်းက ကျင်းပနေခြင်းဖြစ်သည်။ ယခုနှစ် အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၄၃ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၄၆၉ မျိုး ထည့်သွင်းကျင်းပနေပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံမှ အားကစားသမားစုစုပေါင်း ၁၀၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် အားကစားနည်း ငါးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အမျိုးသမီးဘောလုံး၊ Esports၊ တက်ဂ်ဘော၊ ကျွမ်းဘားနှင့် ပိုက်ကျော်ခြင်းအားကစားနည်းတို့တွင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ညီမြတ်သော်တာ