ရန်ကုန် စက်တင်ဘာ ၁၉
(၂၈)ကြိမ်မြောက် International Youth Football in Niigata နိုင်ငံတကာလူငယ် ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို စက်တင်ဘာ ၁၉ ရက်က ဂျပန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲရရှိခဲ့သည်။
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင် အသင်းသည် နယူးဇီလန် ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ အဖွင့်ပွဲ တွင် အိမ်ရှင် ဂျပန် ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းကို အရေးနိမ့်ထားသည့် မြန်မာအသင်းသည် ယခုပွဲတွင် ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့်ရထားသည့် နယူးဇီလန် ယူ-၁၇ အသင်းကို အနိုင် ကစားခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သူရမင်းသန့်က ၂၉၊ ၈၇ မိနစ်တွင် သွင်းယူခဲ့သည်။
မြန်မာအသင်းသည် အဖွင့်ပွဲတွင် ဂျပန် ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းကို လေးဂိုး - နှစ်ဂိုးဖြင့် အရေးနိမ့်ထားပြီး ချေပဂိုးနှစ်ဂိုးစလုံးကို သူရမင်းသန့် ကပင် သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် နှစ်ပွဲကစား သုံးမှတ်ရထားပြီး နောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၂၁ ရက်တွင် နီဂါတာလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - AFF


