ဒုတိယသမ္မတ ဦးညိုစော ချင်းကျိုးမြို့ရှိ ဖျင်လုတူးမြောင်းနှင့် အလိုအလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်းတို့ကို ကြည့်ရှုလေ့လာပြီး ကွမ်ကျိုးမြို့တော်ဝန်အား လက်ခံတွေ့ဆုံ

ကွမ်ကျိုး စက်တင်ဘာ ၁၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ရောက်ရှိပြီး ကွမ်တုန်းပြည်နယ် ကွမ်ကျိုး မြို့တော်ဝန် မစ္စတာ စွန်းကျီယန်အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ချင်းကျိုးမြို့ရှိ ကုန်တင်သင်္ဘောများ ဖြတ်သန်းသွားလာရေးအတွက် ပင်လယ်မှမြစ်သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဖျင်လုတူးမြောင်း၏ မာတောက်(Madao) ဆုံမှတ်ကို သွားရောက်ကြည့်ရှုရာ ချင်းကျိုးဒေသခံပါတီနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဖျင်လု တူးမြောင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရရှိသည့်အကျိုးကျေးဇူးများနှင့် ဖြတ်သန်းသွားလာ ခွင့်ပြုနိုင်သည့် သင်္ဘောအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ချင်းကျိုးမြို့ရှိ ဉာဏ်ရည်တု (AI) နည်းပညာအသုံးပြု၍ အလို အလျောက်စနစ်သုံး ကွန်တိန်နာဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများကို သွားရောက်ကြည့်ရှုလေ့လာရာ  ဒေသခံအာဏာပိုင်နှင့် ဆိပ်ကမ်းတာဝန်ရှိသူများက ပြည်တွင်း ပြည်ပသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မှု အခြေအနေ၊ AI နည်းပညာအသုံးချ၍ ကုန်တင်ကုန်ချ ဆောင်ရွက်မှုအခြေအနေနှင့် ဒီဂျစ်တယ်နည်းပညာများအပါအဝင် ထိပ်တန်းနည်းပညာဆိုင်ရာ တီထွင် ဖန်တီးမှုများနှင့် အဆင့်မြင့်နည်းပညာဖြင့် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

စက်တင်ဘာ ၁၇ ရက် ညနေပိုင်းကလည်း ဒုတိယသမ္မတသည် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ လိယွမ်နိုင်ငံတကာကွန်ဖရင့်စင်တာ၌ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာ ဝေထောင်အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မှု မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်