ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့သောကြောင့် အီးအက်ဖ်အယ်ဖလား​ ပြိုင်ပွဲမှ နာမည်ကြီး မန်ယူ ထွက်ရပြီ

အီးအက်ဖ်အယ်ဖလားပြိုင်ပွဲ တတိယအဆင့်မှ စက်တင်ဘာ ၁၇ ရက် နံနက် ၁ နာရီခွဲက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူနှင့် ဘရိုက်တန်အသင်းပွဲစဉ်တွင် ဘရိုက်တန်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သည်။

မန်ယူအသင်းသည် ပွဲချိန် ၁၀ မိနစ်အတွင်း ဘရိုက်တန်ကို နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုးများနှင့် အနိုင်ဂိုး  ပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် ရှုံးပွဲကြုံတွေ့ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။

မန်ယူအသင်းသည် အိမ်ကွင်း၌ နှစ်ဂိုးပြတ်ဦးဆောင်ပြီး ရှုံးနိမ့်ခဲ့သည်မှာ ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက အီးအက်ဖ်အယ်ဖလားပြိုင်ပွဲတွင်လည်း လိဂ်တူးကလပ် ဂရင်စဘီအသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ မန်ယူအသင်းသည် ပရီမီယာလိဂ်တွင်လည်း ခြေစွမ်းကောင်းပြသ ထားနိုင်ခြင်းမရှိဘဲ လေးပွဲကစားပြီးချိန်တွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့် နှစ်ပွဲရှုံးရလဒ်ဖြင့် လေးမှတ်သာ ရရှိထားသေးသည်။

အခြားပွဲစဉ်ရလဒ်များတွင် အဲဗာတန်က ဝုဖ်ကို တစ်ဂိုး-ဂိုးမရှိ၊ ဖလီးဝုဒ်က ရှက်ဖီးကို တစ်ဂိုး-ဂိုးမရှိ၊ အက်စ်တွန်ဗီလာက ကိုဗင်ထရီကို သုံးဂိုး-တစ်ဂိုးဖြင့် အသီးသီးနိုင်ပွဲရရှိခဲ့သည်။                 

အောင်ဇော်