ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်မှုဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၇

 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Shanghai Cooperation Organization Development Bank–SCOB) တည်ထောင်မှုဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း နှင့်အဖွဲ့ ပါဝင်တက်ရောက်သည်။

 

အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Min Liao နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံရုံး၏ စီးပွားရေးဝန်ကြီး Mr. Aslam Chaudhary တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။

 

အဆိုပါ အစည်းအဝေးတွင် ကြားဖြတ် အတွင်းရေးမှူးရုံးက ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ(မူကြမ်း)၊ ရှယ်ယာ ခွဲဝေမှု၊ မဲပေးပိုင်ခွင့်နှင့် ဆုံးဖြတ်ချက် ချမှတ်ရမည့်ပုံစံ၊ ဘဏ်သို့ ရင်းနှီးငွေထည့်ဝင်မှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုပုံစံ၊ သက်သာသော ချေးငွေပံ့ပိုးမှု (Concessional Window)နှင့် ရှေ့ဆက်လက် ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် တို့ကိုလည်းကောင်း၊ ကမ္ဘာ့ဘဏ်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် Mr. Jingdong Hua က အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဘဏ်များ၏ ဘဏ္ဍာရေး ဆိုင်ရာ ဆောင်ရွက်မှုပုံစံများကို လည်းကောင်း၊ Industrial and Commercial Bank of China (ICBC) က ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုတွင် လက်တွေ့ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။

 

သတင်းစဉ်