M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်နှင့် Galaxy အသင်း အနိုင်ရပြီး ဒဂုံစတားနှင့် ဟံသာဝတီ သရေကျ

ရန်ကုန်    စက်တင်ဘာ   ၁၇

M-League  ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅) ပထမနေ့ကို  စက်တင်ဘာ ၁၇ ရက်က ဆက်လက်ကျင်းပရာ  ရန်ကုန်ယူနိုက်တက်နှင့် Galaxy အသင်း  အနိုင်ရပြီး ဒဂုံစတားနှင့် ဟံသာဝတီအသင်းတို့ သရေကျခဲ့သည်။

သန်လျင် သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင်  ဒဂုံစတားယူနိုက်တက်အသင်းနှင့်  ဟံသာဝတီယူနိုက်တက်အသင်း တစ်ဂိုးစီ သရေကျခဲ့သည်။

ဒဂုံစတားယူနိုက်တက်အသင်းသည် ဒုတိယအကျော့တွင် ရုန်းကန်နေရပြီး နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။ ၂၂ မိနစ်တွင် အောင်ဇော်ဦးက  ဟံသာဝတီယူနိုက်တက်အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူပြီး ဒဂုံစတားယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ၄၄ မိနစ်တွင် အောင်ကောင်းခန့်က သွင်းယူခဲ့သည်။ YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ယူကာ ထိပ်ဆုံးနေရာအတွက် ဆက်လက်ဖိအားပေးလျက်ရှိသည်။   ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂိုးများကို ၂၀၊ ၂၄ မိနစ်တွင် လမင်းပြည့်စုံ၊ ၈၉ မိနစ်တွင် ဇော်ထက်အောင်က သွင်းယူပြီး မြဝတီအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၂ မိနစ်တွင် ပင်နယ်တီမှ တစ်ဆင့် ကျော်ဇေယျာခန့်က သွင်းယူသည်။  ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် Galaxy အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို သုံးဂိုးပြတ်အနိုင်ရရှိခဲ့သည်။ Galaxy အသင်းအတွက် အနိုင်ဂိုးများကို ၂၄ မိနစ်တွင် ပိုင်ဇေထွန်း၊ ၄၅+၂ မိနစ်တွင် ကောင်းခန့်လင်း၊ မိနစ် ၆၀ တွင် ခွန်စိုင်းကြယ်စင်တို့က သွင်းယူသည်။

ပွဲစဉ်(၁၅) ဒုတိယနေ့ကို စက်တင်ဘာ ၁၈ ရက် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သန်လျင်သီဟဒီပကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Chinland အသင်း၊ YUSC ကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရတနာပုံအသင်း၊ ဗဟန်းကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့  ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-မောင်ညီ

ဓာတ်ပုံ-M