နေပြည်တော် စက်တင်ဘာ ၁၇
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်းနှင့် ရှမ်းပြည်နယ်တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းတို့၌ ကျင်းပသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာဇုန်များအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးသည်။
ယနေ့ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကချင် ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြိုင်ပွဲကို ရပ်နားခဲ့ကာ စက်တင်ဘာ ၁၈ ရက် နံနက် ၇ နာရီတွင် ပြန်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
အခြားဇုန်များ၌ စက်တင်ဘာ ၁၈ ရက်တွင် ပြိုင်ပွဲတစ်ရက်နားမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ အိမ်ရှင် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ အိမ်ရှင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ အိမ်ရှင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို“အခမဲ့”လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်


