မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မိတ်ဖက်ကုမ္ပဏီများ စပွန်ဆာစာချုပ်ချုပ်

ရန်ကုန် စက်တင်ဘာ ၁၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မိတ်ဖက်ကုမ္ပဏီများအကြား မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ လှုပ်ရှားမှုများနှင့် နိုင်ငံဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စပွန်ဆာပံ့ပိုးပေးအပ်ခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်က ရန်ကုန်မြို့   Novotel Yangon Max Hotel (Pathein Room) ၌ ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဒေါက်တာစိုင်းဆမ်ထွန်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ စပွန်ဆာပံ့ပိုးပေးကြသည့် လုပ်ငန်းရှင်များ၊ အဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ မြန်မာ့လက်ရွေးစင် နည်းပြချုပ်နှင့် နည်းပြများ၊ အားကစားသမားများ၊ ဧည့်သည်တော်များ တက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ပံ့ပိုးပေးကြသော မိတ်ဖက်အဖွဲ့အစည်းများအား ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် သဘောတူစာချုပ်များ ချုပ်ဆိုရာ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Media and Marketing Committee Chairman ဦးထက်ခိုင်ဝင်းတို့က ငွေကျပ်သိန်း ၃၀၀၀၀ ပံ့ပိုးကူညီသည့် AYA Bank၊ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော မန္တလေးအကယ်ဒမီ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းစဉ်များအတွက် ပံ့ပိုး ကူညီသည့်အနေဖြင့် ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ နှင့် ညီမျှသည့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များအတွက်    ပံ့ပိုးကူညီမည့်   Max Myanmar Construction တို့အပါအဝင်  Novotel Yangon Max Hotel ၊  Dong Luc Joint Stocks Co., Ltd. (Jogarbola) ၊  Royal D ၊  Zeya & Associates Co.,Ltd. (Fresh)၊  မန္တလာမင်း၊  မြတ်မေတ္တာမွန်၊ Shwe Nadi APP၊  Mercure Hotel၊ YPP သာမညဖြိုး၊  Golden Gate Global Myanmar၊   MMHT၊  Alpine  သောက်ရေ သန့်၊  Forever Media Group  တို့မှ တာဝန်ရှိသူများက စာချုပ်ချုပ်ဆိုကြပြီး လက်ရွေးစင်အားကစားသမားများ အမှတ်တရလက်မှတ်ရေးထိုးထားသည့်   ဘောလုံး၊ ဂျာစီတို့အား လက်ဆောင်ပြန်လည်ပေးအပ်သည်။

စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ   တာဝန်ရှိသူများနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများသည် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။ 

သတင်း-ကိုညီလေး

ဓာတ်ပုံ-စိုးညွန့်သော်