နေပြည်တော် စက်တင်ဘာ ၁၇
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲတစ်ခုအဖြစ်သာမက မြန်မာ့ ရိုးရာ အနုပညာအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်သည့် အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် ခံယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယနေ့ ပြောကြားသည်။
ယနေ့နံနက် ၉ နာရီတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းပေးနိုင်ရေး၊ အမျိုးသားယဉ်ကျေးမှု စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရေးနှင့် မြန်မာ့ရိုးရာ အနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အမျိုးသားရေးဆိုင်ရာ ဆောင်ရွက်ချက် တစ်ရပ်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြိုင်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားမှုလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


