ကင်ရှာဆာ စက်တင်ဘာ ၁၇
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ အီဘိုလာရောဂါကူးစက်မှုသည် ရောဂါဗဟိုချက်ဖြစ်ခဲ့သည့် အီတူရီဒေသတွင် လျော့ကျလာသော်လည်း မြောက်ကီဗူးဒေသတွင်မူ လျင်မြန်စွာ မြင့်တက်လာကြောင်း သိရသည်။
ထို့ပြင် ရောဂါကုသမှုစွမ်းရည်မှာလည်း ကန့်သတ်ချက်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလုနီးပါးဖြစ်နေပြီဖြစ်သည်။
စက်တင်ဘာ ၁၅ ရက်အထိ စာရင်းများအရ နိုင်ငံတွင်း၌ ရောဂါပိုးတွေ့ရှိသူ ၇၄၀၄ ဦးရှိပြီး သေဆုံးသူ ၃၅၇၇ ဦးရှိကာ ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ စုစုပေါင်း ၄၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့သည်။ လူနာစုစုပေါင်း ၁၇၇၆ ဦးမှာ ရောဂါ သက်သာ ပျောက်ကင်းခဲ့ပြီဖြစ်သည်။ ရောဂါဖြစ်ပွားမှုသည် ပြည်နယ်ခုနစ်ခုရှိ ကျန်းမာရေးစောင့်ရှောက်မှုဇုန်ပေါင်း ၆၂ ခုအထိ သက်ရောက်မှုရှိခဲ့ပြီး အီတူရီဒေသသည် ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်မအဖြစ် ဆက်လက်တည်ရှိနေကာ အတည်ပြုလူနာစုစုပေါင်း၏ ၇၇ ဒသမ ၇ ရာခိုင်နှုန်း ကို ၎င်းဒေသတစ်ခုတည်းတွင် တွေ့ရှိရ သည်။
အစီရင်ခံစာတွင် မြောက်ကီဗူးဒေသ၌ ရောဂါကုသမှုစွမ်းရည်အပေါ် အထူးဖိအားများရှိနေကြောင်း သိရသည်။ အဆိုပါဒေသတွင် လူနာ ၃၇၃ ဦး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိပြီး ဆေးရုံခုတင်အသုံးပြုမှုနှုန်းမှာ ၉၄ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်သည်။
အီတူရီဒေသသည် ရောဂါဖြစ်ပွားမှု အမြင့်ဆုံးအဆင့်ကို ကျော်လွန်ပြီး လျော့ကျလာသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံ၏ ဇီဝဆေးပညာဆိုင်ရာ သုတေသနဌာန (National Institute of Biomedical Research) အကြီးအကဲ မူယမ်ဘီက ပြောကြားခဲ့သည်။
မြောက်ကီဗူးဒေသတွင်မူ ရောဂါကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး အမြင့်ဆုံးအဆင့် တည်ငြိမ်သည့်အခြေအနေသို့ မရောက်ရှိသေးသဖြင့် နောက်ထပ် အဓိကရောဂါဖြစ်ပွားရာနေရာတစ်ခုဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


