ကမ္ဘာပေါ်ရှိပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးပျက်ပြားစေရန် ခြိမ်းခြောက်နေသောအန္တရာယ်မှာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ဒုစရိုက်လုပ်ငန်းများဖြစ်သည်။ ကမ္ဘာပေါ်တွင် နည်းပညာများ တစ်နေ့တခြား တိုးတက်ထွန်းကားလာသည်နှင့်အမျှ လူသားများအား ကောင်းကျိုးပြုမှုများနှင့်အတူ မကောင်းမှုဒုစရိုက် အဖျက်အမှောင့်လုပ်ငန်းများအနက် နည်းပညာအသုံးချပြီး ပြည်သူများအား ခြိမ်းခြောက်နေသည့်လုပ်ငန်းများတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုသည် အရေးကြီးသည့်ပြဿနာဖြစ်သည်။
အဆိုပါဒုစရိုက်မှုများသည် ကမ္ဘာတစ်ဝန်းတွင်ပျံ့နှံ့လျက်ရှိကာ မြန်မာနိုင်ငံအစိုးရက နိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းမှ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသော အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်လျက်ရှိသည်။ အဆိုပါဒုစရိုက်မှုလုပ်ငန်းများကို ပြည်တွင်းအင်အားဖြင့် ထိထိရောက်ရောက် တိုက်ဖျက်လျက်ရှိသလို အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရှာဖွေဖော်ထုတ်တိုက်ဖျက်လျက်ရှိရာတွင် ဖမ်းဆီးရမိသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိသည်။ နယ်စပ်ဒေသများ၊ အုပ်ချုပ်ရေးယန္တရားနှင့် ကင်းလွတ်နေသောဒေသများတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများအခြေမပြုနိုင်ရေး စဉ်ဆက်မပြတ်ရှာဖွေဖော်ထုတ် အရေးယူတိုက်ဖျက်လျက်ရှိသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများသည် ပြည်သူများ၏လိုအင်နှင့် အားနည်းချက်များကိုအသုံးချပြီး နည်းပညာများကိုအသုံးချ၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများတွင် ပြည်ပနိုင်ငံသားများသာမက ပြည်တွင်း၌ကျူးလွန် လုပ်ကိုင်လျက်ရှိသော နိုင်ငံသားများကိုလည်း ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိသည်။ အွန်လိုင်းလိမ်လည်မှုတွင် လူကုန်ကူးမှုလုပ်ငန်းများအပြင် ပြည်သူများ နှစ်သက်သည့်ငွေကြေးပစ္စည်းများကို မက်လုံးပေးပြီး နည်းအမျိုးမျိုးဖြင့် လိမ်လည်သည့်လုပ်ငန်းများ ပျံ့နှံ့လျက်ရှိသည်မှာ ကြာပြီဖြစ်သည်။ လိမ်လည်ခံရသူများက တိုင်ကြားမှုမရှိသဖြင့် အဆိုပါဒုစရိုက်လုပ်ငန်းများမှာ သက်ဆိုးရှည်လျက်ရှိသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများတွင် အွန်လိုင်းလောင်းကစားလုပ်ငန်းများသည် လူမှုကွန်ရက်များပေါ်၌ ကျယ်ကျယ်ပြန့်ပြန့် တွင်ကျယ်လျက်ရှိသည်။ ပြည်သူများအား အမျိုးမျိုးမက်လုံးပေးသည့် လောင်းကစားလုပ်ငန်းများတွင်နစ်မျောပြီး လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများ အမြောက်အမြားရှိသည်။ ပြီးခဲ့သည့်ရက်များက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်သူ အမျိုးသားအမျိုးသမီးများအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ ယခင်ကလည်း နိုင်ငံအတွင်းရှိ မြို့ကြီးများ၌ အွန်လိုင်းလောင်းကစားလုပ်ကိုင်သူများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးခဲ့ပြီးဖြစ်သော်လည်း အဆိုပါလုပ်ငန်းများတွင် လူငယ်လူရွယ်များ ဆက်လက်လုပ်ကိုင်နေကြသည်ကို တွေ့ရှိရသည်မှာ ဥပဒေကိုမသိနားမလည်မှု၊ လေးစားလိုက်နာမှုနှင့် လိမ်လည်မှုမှ အကျိုးအမြတ်များရရှိနေသောကြောင့်ဖြစ်သည်ဟု သုံးသပ်တွေ့ရှိရသည်။
အများပြည်သူတို့အား ကောင်းကျိုးမပြုသည့် ဒုစရိုက်မှုလုပ်ငန်းများကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းများက ရှာဖွေဖော်ထုတ်အရေးယူဆောင်ရွက်ရုံဖြင့် မလုံလောက်ဘဲ ပြည်သူများ ပူးပေါင်းပါဝင်မှသာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ရက်ပိုင်းက တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အမြို့မြို့အနယ်နယ်တွင် ခိုအောင်းလျှို့ဝှက်လုပ်ကိုင်နေသော အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ လူငယ်လူရွယ်များသည် မသိ၍ဖြစ်စေ၊ သိလျက်နှင့်ဖြစ်စေ အဆိုပါဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်မှုများနှင့်ပတ်သက်၍ အရေးယူမှုများနှင့်အတူ အသိပညာပေးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများသည် အများပြည်သူတို့ကို အန္တရာယ်ပေးလျက်ရှိသော ဒုစရိုက်လုပ်ငန်းများဖြစ်သောကြောင့် အဆိုပါ လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းမပြုလုပ်ကြရန်နှင့် နိုင်ငံတော်အစိုးရက လူသားများအား အန္တရာယ်ပြုခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အရှိန်အဟုန်မြှင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်ကို အားလုံးသတိပြု ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။


