နီဂါတာ လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ U-17 အသင်း အာရှနှင့် သမုဒ္ဒရာပိုင်းဒေသ ထိပ်တန်းအသင်းများနှင့် ယှဉ်ပြိုင်ရမည်

ရန်ကုန်   စက်တင်ဘာ   ၁၆

ဂျပန်နိုင်ငံ နီဂါတာမြို့၌ စက်တင်ဘာ ၁၅ ရက် မှ ၂၂ ရက်အထိ ကျင်းပလျက်ရှိသည့် (၂၈)ကြိမ်မြောက်  နိုင်ငံတကာ  လူငယ်ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ U-17 အမျိုးသားလက်ရွေးစင်အသင်းသည်  ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီး  လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ပတ်လည်စနစ်ဖြင့်ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင်  မြန်မာ U-17 အသင်းနှင့်အတူ အိမ်ရှင်ဂျပန် U-17၊ နီဂါတာ  လက်ရွေးစင်အသင်းနှင့် လာမည့် ၂၀၂၆ U-17 ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယူးဇီလန် U-17 အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာ U-17 အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာရှနှင့်သမုဒ္ဒရာပိုင်းဒေသ ထိပ်တန်းအသင်းများနှင့် တိုင်းတာယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးကောင်းတစ်ရပ် ရရှိထားသည့်အပြင်  ထူးခြားချက်အနေဖြင့် အိမ်ရှင် ဂျပန် U-17 အသင်း အတွက် ပိုမိုမြင့်မားသည့် စိန်ခေါ်မှုရရှိစေရန်   မြန်မာအသင်း၌ U-19 ကစားသမား ငါးဦးအထိ ပေါင်းစပ်ပါဝင်ကစားရန်  ပြိုင်ပွဲကျင်းပရေးကော်မတီဘက်မှ အဆိုပြုဖိတ်ကြားထားသည်။

မြန်မာ U-17 အသင်းသည် စက်တင်ဘာ ၁၇ ရက်၊ ၁၉ ရက်နှင့် ၂၁ ရက်တို့တွင် ပွဲစဉ်သုံးပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။                       

နေမျိုး၊ ဓာတ်ပုံ-MFF