ရန်ကုန် စက်တင်ဘာ ၁၆
ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ၏ တက်ဂ်ဘောအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင်ကစားသမား စောဖရိုင်းဒေး ယှဉ်ပြိုင်မည်ဖြစ်သည်။
တက်ဂ်ဘောပြိုင်ပွဲ ပထမနေ့တွင် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲတို့ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာတက်ဂ်ဘော အသင်းသည် တစ်ဦးချင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာတက်ဂ်ဘောလက်ရွေးစင် စောဖရိုင်းဒေးသည် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် အုပ်စု (A)၌ ကျရောက်နေပြီး အုပ်စုပွဲများအဖြစ် ယနေ့ မြန်မာ စံတော်ချိန် နံနက် ၆ နာရီခွဲတွင် ကူဝိတ်ကစားသမား အီဒင်၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီတွင် ကာဂျစ္စတန် ကစားသမား အီဒါဘီကော့ဗ်၊ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲတွင် မွန်ဂိုလီးယားကစားသမား ချင်ဂင်၊ မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် အီရတ်ကစားသမား အယ်လ်ဂျာလီတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲများ ပြီးဆုံးပါက ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကစားရမည်ဖြစ်သည်။
မြန်မာတက်ဂ်ဘောအသင်းသည် ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား သုံးမျိုးယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-AOC


