ပခုက္ကူမြို့နယ်၌  အသက်(၁၈)နှစ်အောက်  အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

ပခုက္ကူ     စက်တင်ဘာ    ၁၆

မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့နယ်၌  ကိုယ်ပိုင်အထက်တန်းကျောင်းပေါင်းစုံ   အသက်(၁၈)နှစ်အောက်   အမျိုးသားဘောလုံးအားကစားပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့က ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်အေးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းနိုင်စိုးတို့က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ်ကိုယ်ပိုင်အထက်တန်းကျောင်း အသင်းစုဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ကွင်းအတွင်း ဘောလုံးကန်သွင်းပေးကာ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ကစားကြသည်။

အဖွင့်ပွဲစဉ်အဖြစ် ပညာမဏ္ဍိုင်အသင်းနှင့် ပညာစိုးစံအသင်းတို့ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကိုယ်ပိုင်အထက်တန်းကျောင်း ၁၅ ကျောင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)