ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပုသိမ် စက်တင်ဘာ ၁၆

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ချောင်းကြီး ကျေးရွာအုပ်စု ချောင်းဖျားကျေးရွာရှိ ညောင်တုန်း ကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့် နေရာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစဉ် တာ၏ ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချရမှု ရှိစေရေး အထူး ဂရုပြုဆောင်ရွက်ရန်၊ ရေစီးကြောင်း အခြေအနေ၊ ရေစီးနှုန်းနှင့် ကမ်းပါး အခြေအနေကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သည့် နေရာများတွင် အချိန်မီ ကြိုတင်ပြင်ဆင်ကာကွယ်ဆောင်ရွက်ရန် မှာကြားသည်။

 

အဆိုပါ မြစ်ကမ်းရေတိုက်စားသည့် နေရာများတွင် ယာယီပန်းတာ တည်ဆောက်ခြင်း စုစုပေါင်း အလျား ပေ ၂၄၅၀ ၊ သဲအိတ်ဖြင့် တာခြေထောက်ခြင်း အလျား ပေ ၅၉၀၀ ၊ တုတ်တန်းရိုက်သဲအိတ် ဖြည့်ခြင်း အလျား ပေ ၁၂၀၀ ၊ တုတ်တန်းအား slope တာခြေ ထောက်ခြင်း ပေ ၁၂၀၀ ၊ Geotextile အုပ်ခြင်း ပေ ၁၆၀၀ ၊ ရေလမ်း သောင်တူးခြင်းလုပ်ငန်း ၉၃၂၀ ကုဗမီတာ၊ Floating Structure တည်ဆောက်ခြင်း လုပ်ငန်း (ဝါးကိုင်းထည့်ခြင်း) ပေ ၁၀၀၀၊ Steel Cable Groyne (သံမဏိကြိုး အသုံးပြု ရေစီးထိန်းလုပ်ငန်း) အလျား ပေ (၁၀၀) ၁၀ ချောင်း ဖြင့် ဆောင်ရွက်ခြင်း၊ မြစ်ကမ်း ထိန်းလုပ်ငန်းဖြစ်သည့် Porcupine (ရေစီးနှုန်းလျော့ကျစေပြီး ရေထဲ တွင် ပါလာသောနုန်းမြေ (Sediment) များ စုပုံလာအောင် ပြုလုပ်သည့်လုပ်ငန်း) ချထားခြင်း ၇၃၈ ခု ဆောင်ရွက်ပြီးစီးခဲ့ပြီး မြစ်ကမ်းထိန်းသိမ်းခြင်း လုပ်ငန်းများကို စက်အင်အား၊ လူအင်အား အသုံးပြု၍ ဆက်လက်ဆောင်ရွက် လျက်ရှိသည်။

 

ကြည့်ရှုစစ်ဆေး

 

ထိုမှတစ်ဆင့် ညောင်တုန်းမြို့နယ် ပဲရုံဆိပ်ကျေးရွာရှိ ထိပ်တန်းနို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် ကျောင်းကုန်းမြို့နယ် ကံကလေး ကျေးရွာရှိ ဦးဟိန်းဇာနည်အောင် ၏ ဥစားကြက်ခြံတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ် ဇုန်)၌ ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စု(ဃ) ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို သွားရောက် ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနိုင်ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

 

ထို့အတူ ပုသိမ်မြို့ ပန်းတင်ကုန်း ဘူတာဘောလုံးကွင်း၌ ကျင်းပသည့် ဘောလုံးကွင်းဖွင့်ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဗိုလ်လုပွဲအဖြစ် CALLOUS FC အသင်းနှင့် SILENT STRICKER FC အသင်းတို့ ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပြိုင်ပွဲဝင်အသင်းများ၊ အကောင်းဆုံးအားကစား သမားဆုရရှိသူများ၊ ဆုရရှိသည့် အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်များ၊ ဆုဖလားနှင့်  ငွေသားဆုတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)