မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ အွန်လိုင်းအသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချလျက်ရှိသည့် ပြည်ပနိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၇ ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


နေပြည်တော် စက်တင်ဘာ ၁၆

 

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာအောင်မြေအရှေ့ရပ်ကွက် လမ်း (၈၀)၊ (၃၉) လမ်းနှင့် လမ်း (၄၀) ကြားရှိ နေအိမ်တွင် နေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများသည် အွန်လိုင်းအသုံးပြု၍ ကျောက်မျက်ရတနာများအား လိမ်လည်ရောင်းချလျက်ရှိကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့တိုင်ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အွန်လိုင်းအသုံးပြု၍ ကျောက်မျက်ရတနာများကို လိမ်လည်ရောင်းချလျက်ရှိသည့် တရုတ်နိုင်ငံသား Mr.Chen Xiao Dai (ချိန်ရှောင်းတိုက်) ဦးဆောင်သည့် တရုတ်နိုင်ငံသား အမျိုးသား နှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ မလေးရှားနိုင်ငံသား အမျိုးသား တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်းတရားခံ ၂၀ တို့အား အွန်လိုင်းလိမ်လည်ရာတွင် အသုံးပြုသည့် Desktop Computer ၂၈ လုံး၊ Laptop Computer သုံးလုံး၊ ကွန်ပျူတာ System Box နှစ်လုံး၊ ဖုန်း ၈၁ လုံး၊ Tablet သုံးလုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

 

ဆက်လက်၍ စက်တင်ဘာ ၃ ရက် ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက် (၆၈) လမ်းနှင့် (၁၀၁) လမ်းထောင့်ရှိ တရားခံ အင်ခွန်ခါးတောမ်၏ “မက်ဒါလီနမွန် (MagDalenamoom) ကျောက်မျက်ရတနာရောင်းဝယ်ရေး” နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ အွန်လိုင်းအသုံးပြု၍ ကျောက်မျက်ရတနာများကို လိမ်လည်ရောင်းချလျက်ရှိသော ကွင်းဆက်တရားခံများဖြစ်ကြသည့် အင်ခွန်ခါးတောမ်ပါ မြန်မာနိုင်ငံသား အမျိုးသမီး သုံးဦး၊ အမျိုးသား တစ်ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသား လေးဦး စုစုပေါင်း တရားခံ ရှစ်ဦးတို့အား ဖုန်းမျိုးစုံ ၄၉၈ လုံး၊ Tablet တစ်လုံး၊ XL အမျိုးအစား Laptop တစ်လုံး၊ Computer System Board ငါးလုံး၊ Computer Monitor တစ်လုံး၊ ကျောက်စိမ်းဟုယူဆရသည့် လက်ကောက် ၁၅ ကွင်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

 

ဖမ်းဆီးရမိတရားခံ တရုတ်နိုင်ငံသား Chen Xiao Dai (ချိန်ရှောင်းတိုက်) အား စစ်ဆေးရာ ၎င်းသည် လိမ်လည်မှုများကိုခေါင်းဆောင်သူဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုပြုလုပ်ရန် ဖုန်းမျိုးစုံ အလုံး ၅၀၀ ခန့်ကို လာအိုနိုင်ငံ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်သယ်ယူခဲ့ကြောင်း၊ မဟာအောင်မြေမြို့နယ်ရှိ သုံးထပ်တိုက်၌ ကျောက်စိမ်းအချောထည်အတုများနှင့် အရည်အသွေးမကောင်းသော အချောထည်များကိုလည်းကောင်း၊ တရားခံ အင်ခွန်ခါးတောမ်၏ ကျောက်မျက်အရောင်းခြံ၌ အရောင်တူကျောက် ၁၀ လုံးကို အိတ်များအတွင်းထည့်၍ ၎င်းတို့၏ အဖွဲ့ဝင်များက ကံစမ်းသည့်ပုံစံဖြင့် သရုပ်ဆောင်ကာ Live လွှင့်ပြီး ရောင်းချ၍လည်းကောင်း၊ ကံစမ်းမဲပေါက်သူများအား ကျောက်စိမ်းအကြမ်းထည် တစ်အိတ် လက်ဆောင်ရရှိသဖြင့် ပေးပို့ရန် အခွန်အခပေးရမည်ဟုလည်းကောင်း လိမ်လည်၍ ငွေများလက်ခံရယူပြီး Block ခဲ့ကြောင်း၊ လိမ်လည်ရာမှရရှိသည့် ငွေများအား အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံရှိ Bank Account များသို့ တိုက်ရိုက်ငွေလွှဲပေးပို့စေခဲ့ခြင်းဖြစ်ကြောင်း၊ တရားခံ အင်ခွန်ခါးတောမ်သည် ၎င်း၏နေအိမ်အား ကျောက်မျက်ရတနာရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ပြီး တရုတ်နိုင်ငံသား Chen Xiao Dai (ချိန်ရှောင်းတိုက်) နှင့်အတူ အွန်လိုင်းအသုံးပြုကာ ကျောက်မျက်ရတနာ လိမ်လည်ရောင်းချသည့် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 

ဖြစ်စဉ်တွင် အွန်လိုင်းအသုံးပြု၍ ကျောက်မျက်ရတနာအတုများနှင့် အရည်အသွေးမကောင်းသော အချောထည်များကို လိမ်လည်ရောင်းချသူ တရုတ်နိုင်ငံသား ခြောက်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသား လေးဦး၊ မြန်မာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်