AFC Challenge League ပြိုင်ပွဲ အုပ်စုအဆင့်တွင် မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရရှိ

ရန်ကုန်    စက်တင်ဘာ   ၁၆

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့်  ၂၀၂၆-၂၀၂၇ ရာသီ  AFC Challenge League ပြိုင်ပွဲ အုပ်စုအဆင့်တွင် မြန်မာကလပ်နှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားသည်။ AFC Challenge League ပြိုင်ပွဲ  အရှေ့အာရှဇုန်အုပ်စု အဆင့်တွင် မြန်မာကလပ်များဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း ယှဉ်ပြိုင်ခွင့်ရထားပြီး အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက  အုပ်စုအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရကာ  MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းက ခြေစစ်ပွဲအဆင့်မှစတင် ယှဉ်ပြိုင်ခဲ့ရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစစ်ပွဲတွင် လာအိုကလပ်  Ezra  အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့်   အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲကို ဇုန်နှစ်ခုခွဲထားပြီး  အရှေ့အာရှဇုန် အုပ်စု(D)တွင် ဘော်နီယို (အင်ဒိုနီးရှား)၊   One Taguig (ဖိလစ်ပိုင်)၊  တိုင်နန်စီးတီး(တရုတ်တိုင်ပေ)၊ ရန်ကုန်ယူနိုက်တက် (မြန်မာ)၊ အုပ်စု (E) တွင်  မနီလာဒီဂါ (ဖိလစ်ပိုင်)၊   ရှမ်းယူနိုက်တက်(မြန်မာ)၊   နယူးတိုင်ပေဟန်ယွမ် (တရုတ်တိုင်ပေ)၊ ကာဆူကာ (ဘရူနိုင်း)တို့ ပါဝင်နေသည်။ အရှေ့အာရှဇုန် အုပ်စုပွဲများ ကို အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ  ကျင်းပမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ပါဝင်သော အုပ်စု (D) ပွဲစဉ်များကို   အင်ဒိုနီးရှားနိုင်ငံ၊  ရှမ်းယူနိုက်တက် အသင်းပါဝင်သော အုပ်စု (E) ပွဲစဉ် များကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အရှေ့အာရှဇုန်အုပ်စုနှစ်ခုတွင် အမှတ်အများဆုံးနှစ်သင်းမှာ ဇုန်ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။  ရှမ်းယူနိုက်တက်အသင်းသည် AFC Challenge League ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် သုံးကြိမ်ဆက်တိုက်၊ ရန်ကုန်ယူနိုက်တက်အသင်းက ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ AFC Challenge League ပြိုင်ပွဲတွင် ဇုန်ကွာတားဖိုင်နယ်အထိ   တက်ရောက်နိုင်ခဲ့သည်။       

သတင်း - ကိုညီလေး     

ဓာတ်ပုံ - စိုးညွန့်သော်