အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့အစည်းအကြီးအကဲအား  အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ အထွေထွေညီလာခံတက်ရောက်ခွင့်ပိတ်ပင်ခြင်းကို အီရန်ရှုတ်ချ

ဗီယင်နာ  စက်တင်ဘာ ၁၆

အမေရိကန်ပြည်ထောင်စု၏  ကန့်ကွက်မှုကြောင့်   အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့အစည်း အကြီးအကဲ မိုဟာမက်အက်စ်လာမီအား သြစတြီးယားနိုင်ငံသို့ ဝင်ရောက်ခွင့်မပြုခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ၏ အထွေထွေညီလာခံတွင် အီရန်ကိုယ်စားလှယ် တစ်ဦးက အမေရိကန်ကို ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုက်သည်။

အပြည်ပြည်ဆိုင်ရာ  အဏုမြူစွမ်းအင်အေဂျင်စီ၏ အထွေထွေညီလာခံသို့ အဆိုပါ အီရန်တာဝန်ရှိသူအား တက်ရောက်ခွင့်ပိတ်ပင်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်းသိရသည်။

အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ Behrouz Kamalvandi က ဗီယင်နာမြို့၌ ကျင်းပသည့် IAEA ၏ အထွေထွေညီလာခံတွင် စက်တင်ဘာ ၁၄ ရက်က မိန့်ခွန်းပြောကြားခဲ့ရာတွင် အမေရိကန်၏ ယခုလုပ်ရပ်ကို  မကောင်းသောရည်ရွယ်ချက်ရှိသည့်  လုပ်ရပ်နှင့် ကလေးဆန် သော အပြုအမူမျိုးသာဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ယခုကိစ္စသည် စည်းမျဉ်းကို ချိုးဖောက်သည့်ကိစ္စတစ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများသည် အင်အားကြီးမားသည်ဟူသော   အကြောင်းပြချက်သက်သက်ဖြင့် လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုကြမည်ဆိုပါက တရားဥပဒေစိုးမိုးမှုရှိတော့မည်မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကိုးကား -အင်န်အိတ်ချ်ကေ

ဘာသာပြန် -စိုးသူရ