မကွေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

မကွေး စက်တင်ဘာ ၁၆

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ အလက(လေ့ကျင့်ရေး)၌ ကျင်းပသည်။

 

ပေးအပ်လှူဒါန်း

ဦးစွာ မကွေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအာင်က အမှာစကား ပြောကြားကာ အလက (လေ့ကျင့်ရေး) ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် “အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်း”တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး အလက (လေ့ကျင့်ရေး)မှ ကျောင်းသား ကျောင်းသူ လေးဦးတို့က စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားထုတ်ဝေထားသော “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှတာဝန်ရှိသူများက စာပေအသိပညာပေး ဟောပြောသည်။

 

ထို့နောက် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအလယ်တန်းအဆင့်ကျပန်း စကားပြောပြိုင်ပွဲတွင် ဆုရရှိသူများနှင့် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ ကျောင်းသား ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲ၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ၊ ဂိမ်းကစားပြိုင်ပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)