မင်းဘူး စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Clip၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် UNEPအမှုဆောင်ညွှန်ကြားရေးမှူး၏ Video Clip နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Video Clip ပြသသည်။
ဆက်လက်၍ မင်းဘူးခရိုင်အဆင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်တွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


