ဂျကာတာ စက်တင်ဘာ ၁၆
အင်ဒိုနီးရှားနိုင်ငံရှိ တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးငွေ့များ ဒေသတွင်းသို့ ဆက်လက်ပျံ့နှံ့နေသဖြင့် အရှေ့တောင်အာရှ၏ ဒေသအများအပြားတွင် မီးခိုးမြူများ ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။
စင်ကာပူနိုင်ငံ၏ မြို့ပြရှုခင်းမှာလည်း ရက်အတော်ကြာ မီးခိုးမြူထူထပ်စွာဖုံးလွှမ်းခြင်းကို ခံနေရသည်။ စက်တင်ဘာ ၁၅ ရက်က စင်ကာပူနိုင်ငံရှိ ဒေသငါးခုစလုံးတွင် လေထုအရည်အသွေးသည် ကျန်းမာရေးအတွက် ဆိုးရွားသောအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း စင်ကာပူအစိုးရက ပြောကြားခဲ့သည်။ ကုမ္ပဏီများနှင့် အားကစားအဖွဲ့အစည်းများအနေဖြင့် ပြင်ပတွင် ပြုလုပ်မည့် လှုပ်ရှားမှုအများအပြားကို ဖျက်သိမ်းရန် စီစဉ်လျက်ရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြကြသည်။
အလားတူ အိမ်နီးချင်း မလေးရှားနိုင်ငံတွင်လည်း လေထုအရည်အသွေးမှာ ဆိုးရွားလာလျက်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံ၏ အနောက်ကာလီမန်တန်ပြည်နယ်သည် တောမီးလောင်ကျွမ်းမှုဒဏ်ကို အပြင်းထန်ဆုံးခံစားနေရသည့် ဒေသများထဲမှ တစ်ခုဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ဆိုင်ရာထိခိုက်မှုများနှင့် ပတ်သက်၍ ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် ကြာရှည်သည့် မိုးခေါင်ရေရှားကာလတို့ကြောင့် တောမီးလောင်ကျွမ်းနိုင်ခြေ ပိုမိုမြင့်မားလာနေကြောင်း အင်ဒိုနီးရှားမိုးလေဝသဌာန တာဝန်ရှိသူများက သုံးသပ်ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


